ဧရာဝတီတိုင်းမ်
(ဖလမ်း)၊ ဖေဖော်ဝါရီ ၂၆ ရက်
ကလေးမြို့နယ်၊ အောင်သာယာကျေးရွာအနီးတွင် ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNO/CNDF) ၏ ဒုစစ်ဦးစီးချုပ်ပါလာသော မော်တော်ယာဉ်ကို ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် စစ်ကောင်စီတပ်က ဝိုင်းဝန်းပိတ်ဆို့၍ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး ဒုစစ်ဦးစီးချုပ်နှင့် ရဲမေအပါအဝင် တပ်ဖွဲ့ဝင် သုံး ဦးကျဆုံးခဲ့သည်။
ထို့အပြင် ကလေးမြို့နယ်၊ စက္ကန့်ကျေးရွာကို ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့က သိမ်းပိုက်ပြီးနောက် စစ်ကောင်စီတပ်က ထောင်ထားသော မြေမြှုပ်မိုင်းများအား ရှင်းလင်းမှု ပြုလုပ်နေစဉ် ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးသည် မြေမြှုပ်မိုင်း နင်းမိ၍ ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင် ကျဆုံးသွားကြောင်း သိရသည်။
“ကျွန်တော်တို့ (CNO/CNDF)အတွက်တော့ ဒုတိယအကြိမ် အကြီးမားဆုံး ဆုံးရှုံးမှု တစ်ခုပေါ့နော်။ ယခင် ၂၀၂၁ခုနှစ် မှာတုန်းက ရဲဘော် ငါး ဦးဆုံးရှုံးမှုရှိတယ်။ ဒီတခေါက် မှာတော့ လေးယောက်ပေါ့နော်။ သူတို့ရဲ့ ပေးဆပ်မှုအတွက် ကျွန်တော်တို့က အမြဲတမ်း အလေးနီပြုတယ်။ ဆုံးရှုံးမှုကြီးမားပေမယ့် ကျန်ရှိနေတဲ့ ရဲဘော်တွေ ရဲဖက်တွေ လုံးဝ လက်မလျော့ပါဘူးပေါ့နော်။ ပြည်သူလူထုအတွက် ဆက်လက်တိုက်ပွဲဝင်သွားမယ် ဆိုတာကို ပြောပြချင်ပါတယ်”ဟု ချင်းအမျိုးသာကာကွယ်ရေးတပ်ဖွဲ့ (CNO/CNDF)၏ စစ်ဖက်ရေးရာပြောခွင့်ရှိသူ ဆလိုင်းကျုံးငိုင်းက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ချင်းအမျိုးသာကာကွယ်ရေးတပ်ဖွဲ့ (CNO/CNDF)၏ ဒုစစ်ဦးစီးချုပ်နှင့်အတူ ကျဆုံး သွားသော ရဲမေမိုင်ဂျူလီယာဆွီးနေကိမ်းသည် ဘူမိဗေဒတွင် တတိယနှစ် တက်ရောက်နေသော တက္ကသိုလ်ကျောင်းသူဖြစ်ပြီး ၂၀၂၁ခုနှစ်၊ ဒီဇင်ဘာလတွင် ချင်းအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ထံ ဝင်ရောက်လာခဲ့ကြောင်းသိရသည်။
“ကျွန်တော်တို့ဆီနေတဲ့အခါမှာလည်း အမိန့်နာခံမှုတော်တော်ရှိတယ်။ သူကိုယ်တိုင် ကလည်း ရှေ့တန်းထွက်တာ မနည်းတော့ဘူး။ တကယ်ထူးခြားတဲ့ ရဲမေဖြစ်တဲ့အတွက် အာဇာနည်ရဲမေဆိုတာ ရဲရဲကြီးအာမခံရဲတယ်။ ကလေးနဲ့ဖလမ်းအကြား တိုက်ပွဲမှာလည်း သူအမြဲတမ်းပါတယ်ပေါ့နော်။ လေးစားအတုယူဖို့ ကောင်းတဲ့ အာဇာနည်ရဲမေပေါ့” ဟု ချင်းအမျိုးသာကာကွယ်ရေးတပ်ဖွဲ့ (CNO/CNDF)၏ စစ်ဖက်ရေးရာပြောခွင့်ရှိသူ ဆလိုင်းကျုံးငိုင်းက ဆက်လက်ပြောဆိုသည်။
လက်ရှိတွင် ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ သိမ်းပိုက်ထားသည့် စက္ကန့်ကျေးရွာတွင် စစ်ကောင်စီတပ်က ထပ်မံနေရာယူတပ်စွဲထားပြီး နှစ်ဖက်ထိတွေ့မှုများ ဆက်လက် ဖြစ်ပွားကာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်းသိရသည်။
ပုံစာ-ကျဆုံးသွားသော (CNO/CNDF)၏ ဒုစစ်ဦးစီးချုပ်နှင့်တပ်ဖွဲ့ဝင်များ။
#ကလေးမြို့နယ် #ချင်းအမျိုးသားကာကွယ်ရေးတပ် #တပ်ဖွဲ့ဝင်၄ဦးကျဆုံး #CNOCNDF #ဒုတိယအကြိမ် #အကြီးမားဆုံးဆုံးရှုံးမှုဖြစ် #Ayeyarwaddy_Times