
မြရာ/ဧရာ၀တီတိုင်းမ်
ဖေဖော်ဝါရီ ၂၆ ရက်
ပဲခူးတိုင်း၊ ပဲခူးရိုးမ ဇီးကုန်းအရှေ့ဘက် ဆင်နှာမောင်းတောင်တွင် စစ်ကောင်စီတပ်က စစ်ရေးပြင်ဆင်နေပြီး အမြောက်တပ်ခွဲတစ်ခုကို စတင်ဖွဲ့ စည်းနေကြောင်း သိရသည်။
စစ်ကောင်စီသည် ပြီးခဲ့သည့် ဖေဖော်ဝါရီ တတိယပတ်က ဆင်နှာမောင်းတောင်ဘက်သို့ အမြောက်တင်ယာဉ် လေးစီးဖြင့် အမြောက်လက်နက်များကို သယ်ဆောင်လာပြီး အမြောက်တပ်ခွဲတစ်ခုအဖြစ် စခန်းစတည်နေကြောင်း တပ်တွင်းသတင်းရင်းမြစ်ထံက သိရသည်။
အဆိုပါ အမြောက်တပ်ခွဲကို ပဲခူးကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ)မှ တပ်သားများ လုံခြုံရေးယူပေးနေရ ကြောင်း သိရသည်။
“လုံခြုံရေးယူရတာ ကိုပေါက်စီတွေ (ကပစ)။ လုံခြုံ ရေးသာယူနေတာ။ အနောက်က လာပစ်မှာပဲ လန့်နေရလို့ တကယ်တိုက်ပွဲဖြစ်ရင် အမြောက်တွေကို ပစ်မှတ် သေသေချာချာတောင် ပစ်နိုင်မယ်မထင်ဘူး။ ကြားရ သလောက်က အမြောက်စခန်းကို ငါးစာ လုပ်ထားတယ်လို့လည်း သိထားတယ်။ အမြောက်တပ်ကို လာတိုက်မှ ကင်းပုန်း နဲ့ပိတ်ပြီး တိုက်လိမ့်မယ်လို့ သိထားတယ်” ဟု တပ်တွင်းသတင်းရင်းမြစ်က ဧရာ၀တီ တိုင်းမ်ကို ပြောသည်။
ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ ဗဟိုအလုပ်မှုဆောင် ပဒိုစောတောနီးက နေပြည်တော်သို့ တိုက်ရိုက်၀င်နိုင်သည့် စစ်ရေးများကိုပြင်ဆင်နေကြောင်း ဖေဖော်ဝါရီ ၂၁ ရက်နေ့က ပြောကြားခဲ့ပြီးနောက် စစ်ကောင်စီသည် လယ်ဝေးမှ ထန်းတစ်ပင် တစ်ကြောအထိ ရှိသမျှတပ်အင်အားများကို ထုတ်နုတ်၍ အင်အားဖြန့်ထားကြောင်း သိရသည်။
“နေပြည်တော်ကို ချိန်ထိုးနေတဲ့ တိုက်ပွဲတွေကလည်းဖြစ်နေ။ တိုင်းရင်းသား အဖွဲ့ တွေကလည်း လမ်းများအားလုံး နေပြည်တော်လို့ ပြောထားတဲ့အတွက် တပ်တွေကတော့ ဖြန့်ထားတယ်။ အင်အား အလုံအလောက်မရှိတော့ နည်းနည်းနဲ့ ကြဲကြဲဝိုင်း ဗျူဟာပေါ့ဗျာ” ဟု သတင်းရင်းမြစ်က ဆိုသည်။
နေပြည်တော်တွင် စစ်ကောင်စီက တပ်အင်အားဖြည့် သည့်အနေဖြင့် ပြည်သူ့စစ်များနှင့် ရနိုင်သမျှသော ကျေးရွာများမှ ပြည်သူများကို ပြည်သူ့စစ်ခေါင်းစဉ် အောက်သွင်း၍ လက်နက်တပ်ဆင်မှုများ စစ်ရေးလေ့ကျင့်ပေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
စစ်အင်အားလိုအပ်လျက်ရှိသည့် စစ်ကောင်စီက ပြည်ဒကစမှ တပ်များကို တိုက်ပွဲပြင်းထန်နေသည့် ပဲခူးအနောက်ခြမ်းရှိ သာယာ၀တီ၊ မင်းလှ၊ အုတ်ဖို၊ လက်ပံတန်းများသို့ ပို့ဆောင်ထားရသည့်အတွက် ပြည်ဒကစတွင် အင်အားနည်း လျက်ရှိရာတွင် ယခု ဇီးကုန်းတွင်ပါ အမြောက်တပ်ခွဲကိုဖွဲ့စည်းလိုက်ပြီး တပ်ခွဲကို စောင့်ကြပ်ရန် လက်နက်ထုတ်လုပ်ရေးစက် ရုံမှ တပ်သားများကိုပါ အသုံးပြုနေရခြင်း ဖြစ်ကြောင်း သိရသည်။
ပုံစာ- ရှမ်းမြောက်တွင် အသုံးမပြုရသေးသည့် အမြောက်လက်နက်အသစ်များ မဟာမိတ်တပ်များ သိမ်းဆည်းရမိစဉ် (ပုံဟောင်း)
#ပဲခူး #ရိုးမ #ဇီးကုန်း #စစ်ကောင်စီ #အမြောက်တပ် ခွဲ #ဖွဲ့စည်း #ကပစ #တပ်သားများ #စောင့်ကြပ်နေရ #Ayeyarwaddy_Times