ဧရာဝတီတိုင်းမ်
(ရေး)၊ ဖေဖော်ဝါရီ ၂၆ ရက်

မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းကြားရှိ မလွှဲတောင်စစ်ဆေးရေးဂိတ်ကို ယမန်နေ့ ဖေဖော်ဝါရီ ၂၅ ရက်နေ့တွင် ကျရောက်သည့် (၇၇) နှစ်မြောက် မွန်အမျိုးသားနေ့ကို ဂုဏ်ပြုသည့်အနေဖြင့် တော် လှန်ရေးပူးပေါင်းတပ်ဖွဲ့က ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက် ခဲ့ကြောင်း ဒေါနစစ်ကြောင်းထံက သိရသည်။

ရန်ကုန်-ထားဝယ် အမှတ်(၈) အဝေးပြေးလမ်းမပေါ်ရှိ စစ်ကောင်စီကစခန်းချထားသည့် မလွှဲတောင်စစ်ဆေးရေးဂိတ် စခန်းကုန်းကို SFZ Drone ဖြင့် ဗုံးသီး ခုနစ် လုံးကြဲချ တိုက်ခိုက်ခဲ့ရာ ဒရုန်းဗုံးသီး နှစ်လုံးမှာ စစ်ဆေးရေးဂိတ်ပေါ်သို့ တည့်တည့် ကျရောက်ပေါက်ကွဲခဲ့ပြီး ကျန် ငါး လုံးမှာလည်း အဆိုပါ စခန်းကုန်းအတွင်း ကျရောက် ပေါက်ကွဲခဲ့ကြောင်း သိရသည်။

“မွန်ပြည်နယ်နဲ့ တနင်္သာရီအစပ်‌ဆိုတော့ သူတို့က အင်အားတော့များတယ်။ ထိခိုက်မှု တွေကတော့ စုံစမ်းဆဲဖြစ်တယ်။ ဗုံးသီးကျရောက်ပေါက်ကွဲတာကတော့ သူတို့ဆီ တည့်တည့် ကျရောက်ပေါက်ကွဲတယ်။ ထိခိုက်ဒဏ်ရာရ သေဆုံးသတင်းကတော့ စုံစမ်းဆဲပါ။ ဒရုန်းမစ်ရှင်လုပ်တုန်းကတော့ လမ်းပိတ်တာမျိုးတွေရှိတယ်။ အခုတော့ လမ်း ပြန်ဖွင့်နေပါပြီ” ဟု ဒေါနစစ်ကြောင်း စစ်ဆင်ရေးတာဝန်ခံ ရဲဘော်ရန်နိုင် က ဧရာဝတီတိုင်းမ်ကို ပြောသည်။

ဗုံးကြဲတိုက်ခိုက်မှုအပြီးတွင် စစ်ကောင်စီဘက်မှ လက်နက်ငယ်များဖြင့် ရမ်းသန်း ပစ်ခတ်ခဲ့သည့်အတွက် ရန်ကုန်-ထားဝယ် အဆိုပါလမ်းပိုင်းမှာ ညနေ ၃ နာရီအထိ ကားလမ်းပိတ်ဆို့မှု ဖြစ်ပေါ်ခဲ့ကြောင်းလည်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို ကံပေါက်ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ဒေါန တပ်ခွဲ-၄) ဒရုန်းတပ်ဖွဲ့၊ ဒေါနစစ်ကြောင်း၊ မွန်ပြည်တော်လှန်ရေးတပ် MSRF ၊ ABSDF ၊ Ye Air Force (YAF) ၊ ထားဝယ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်-T1 တို့မှ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။

ရေးမြို့နယ်တွင် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၉ ရက်နေ့က ရေးတောင်ပိုင်းနှင့် အမှတ်(၈) အဝေးပြေးလမ်းမကြီးကို ထိန်းချုပ်နိုင်ရန်ရည်ရွယ်ပြီး စကခ-၁၉ ဌာနချုပ်ရှေ့ရှိခရိုင်ရုံး၊ ခလရ-၆၁တပ်ရင်း၊ ရေးတံတားကြီးဂိတ်တို့တို့ကို ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ပြီး တပ်ဖွဲ့ဝင် နှစ် ဦးနှင့်အထက် သေဆုံးခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ – ဒေါနစစ်ကြောင်း(ပုံဟောင်း)

#မလွှဲတောင် #စစ်ဆေးရေးဂိတ် #မွန် #တနင်္သာရီ #တိုက်ခိုက်ခံရ #မွန်အမျိုးသားနေ့ #Ayeyarwaddy_Times