နွေဦးမောင်/ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂၆ရက်

ကရင်ပြည်နယ်၊ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ(၃) ထိန်းချုပ် နယ်မြေဖြစ်သည့် ကျောက်ကြီးမြို့နယ် ပလောမော်ခို့ ကျေးရွာအနီးကို ယမန်နေ့ ဖေဖော်ဝါရီလ ၂၅ ရက်နေ့ နံနက်ပိုင်းတွင် စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်ခဲ့၍ စစ်သုံ့ပန်းတစ်ဦးသေဆုံးပြီး ၁၀ ဦး ထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

စစ်ကောင်စီသည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းမှနေ၍ ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်က ဖမ်းဆီးရမိထားသည့် စစ်သုံ့ပန်း တစ်ဦးသေဆုံးပြီး စစ်သုံ့ပန်း ၁၀ ဦးနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင် ငါး ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်းသိရသည်။

“တိုက်ပွဲ ဖြစ်ပွားတာမရှိဘဲ လေယာဥ်နဲ့ ဗုံးလာကြဲတာ။ လေယာဥ်ပေါ်က စက်သေနတ် တွေနဲ့ပါပစ်တာ။ စစ်သုံ့ပန်းတွေ ထားတဲ့နေရာနဲ့ အခြားတော်လှန်ရေး ရဲဘော်တွေ ရှိတဲ့ နေရာ နှစ်နေရာကို တရစပ် ပစ်တာ။ စုစုပေါင်း လေယာဥ်ပစ်ချိန် လေး နာရီကျော် လောက်ရှိတယ်။ အဓိက ပစ်မှတ်ကတော့ စစ်သုံ့ပန်းတွေ ထားတဲ့နေရာပဲ။ အဲဒါကြောင့်လည်း KNU က ဖမ်းဆီးထားတဲ့ စစ်သုံ့ပန်းတွေ အများဆုံးထိခိုက်တာ” ဟု မြေပြင် တော်လှန်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီသည် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၁ ရက်နေ့က တပ်မဟာ (၃) နယ်မြေ ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်ရှိ ကျေးရွာများသို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးများနှင့် ရမ်းသန်းပစ်ခတ်မှုများ လုပ်ဆောင်ခဲ့၍ အသက် (၉) နှစ်အရွယ် ကလေးငယ်တစ်ဦးသေဆုံးခဲ့ကာ ဒေသခံအချို့ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

စစ်ကောင်စီသည် တပ်မဟာ (၃)နယ်မြေ အတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ လေကြောင်းမှနေ၍ ဗုံးကြဲတိုက်ခိုက်ခြင်းများ ဆက်တိုက်လုပ်ဆောင်နေ၍ နေရပ် စွန့်ခွာ၍ ဘေးလွတ်ရာ နေရာများသို့ ထွက်ပြေးနေရသူ ဒေသခံအများအပြား ရှိလာကြောင်း ဒေသ သတင်းရင်းမြစ်တွေစီကနေသိရသည်။

ဓာတ်ပုံ-ပေးပို့
ပုံစာ-စစ်ကောင်စီတပ် လေကြောင်းမှဗုံးလာကြဲပြီးနောက် တွေ့ရစဉ်

#ကရင်ပြည်နယ် #ပလောမော်ခို့ကျေးရွာ #စစ်ကောင်စီ #လေကြောင်းမှဗုံးကြဲ #စစ်သုံ့ပန်းတစ်ဦးသေဆုံး #၁၀ဦးကျော်ဒဏ်ရာရ #Ayeyarwaddy_Times