ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂၆ ရက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဟိုပုံးမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်-PNLA တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ ဗိုလ်မှူး နှစ်ဦး၊ ဗိုလ်ကြီး သုံးဦး အပါအဝင် ၁၆ ဦး သေဆုံးကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း PNLA ထံက သိရသည်။

ဟိုပုံးမြို့နယ်၊ အရှေ့ဘက်ခြမ်း တနေရာတွင် ပအိုဝ်းဒေသအတွင်း လုံခြုံရေးဆိုင်ရာ လှုပ်ရှားမှုဆောင်ရွက်နေသည့် PNLA တပ်ဖွဲ့ စစ်ကြောင်းကို ယမန်နေ့ ဖေဖော်ဝါရီ ၂၅ ရက်က စစ်ကောင်စီတပ်မှ စစ်ကြောင်းထိုးတိုက်ခိုက်လာသဖြင့် မနက် ၁၀ နာရီမှ ညနေ ၃ နာရီ ၄၀ မိနစ်အထိ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထို့နောက် တိုက်ပွဲဖြစ်ပွားသည့် နေရာကိုPNLA တပ်ဖွဲ့ စစ်ကြောင်းမှ ရှင်းလင်းမှု ပြုလုပ်ရာ စစ်ကောင်စီဘက်မှ အရာရှိ အလောင်းငါးဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၆ ဦး သေဆုံးခဲ့ပြီး အလောင်းများ ကျန်ခဲ့ကြောင်း PNLA က သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါပတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ထံမှ MA လက်နက်ငယ် ၁၅ လက်၊ ဒရုန်းပစ်လက်နက် တစ်လက်၊ ပစ္စတို တစ်လက်နှင့် လက်နက်ခဲယမ်းကျည်ဆံများကိုလည်း PNLA က သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အလားတူ ယမန်နေ့က ဘဘစစ်ကောင်စီတပ်သည် ထမ်းဆမ်းရွှေတိဂုံပုံတူ စေတီတော်ကုန်းတော်တွင် လက်နက်ကြီးတပ်စွဲကာ မဲနယ်တောင်ဒေသနှင့် လွယ်ဝိုးတုတ်ကျေးရွာဘက်သို့ လက်နက်ကြီးများဖြင့် တနေကုန်နီးပါး ဆက်လက်ပစ်ခတ် တိုက်ခိုက်ခဲ့သောကြောင့် ပြည်သူများ၏ အိုးအိမ်စည်းစိမ်များ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

ထို့အတူ ဆီဆိုင်မြို့အတွင်းကိုလည်း စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ၁၀ ကြိမ်ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့သလို ပအိုဝ်းလူမျိုးများ အထွဋ်အမြတ်ထားသည့် ဘာသာရေးဆိုင်ရာ မြင့်မြတ်သော နေရာများကိုလည်း စစ်ကောင်စီတပ်နှင့် လက်အောက်ခံ ပြည်သူ့စစ်များက ၎င်းတို့၏ အာဏာရှင်စနစ် သက်ဆိုးရှည်ရေးအတွက် အကာအကွယ်ယူခြင်း၊ တိုက်ခိုက်ဖျက်ဆီးခြင်းများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ထို့ကြောင့် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်များအနေဖြင့် စစ်အာဏာရှင်ကိုအသက်ပေး ကာကွယ်ပေးနေရသည့် မိမိ၏လုပ်ရပ်ကို ဦးနှောက်ကြီးကြီးဖြင့် သေချာသုံးသပ်စဉ်းစား၍ စစ်အာဏာရှင်စနစ်လက်အောက်မှ ရုန်းထွက်ကာ အမျိုးသားလွတ်မြောက်ရေးလမ်းကြောင်းပေါ်သို့ အမြန်ဆုံးကူးပြောင်းကြရန် PNLA က ထုတ်ပြန်တိုက်တွန်းထားသည်။

ထို့အပြင် ၎င်းတို့အနေဖြင့် နီးစပ်ရာ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်-PNLA တပ်ဖွဲ့များထံသို့ ဆက်သွယ်ကာ လက်နက်နှင့်တကွ အမျိုးသားလွတ်မြောက်ရေး လမ်းကြောင်းပေါ်သို့ ကူးပြောင်းလာပါက ထိုက်ထိုက်တန်တန် ဆုချီးမြှင့်မည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ထားသည်။

ဓာတ်ပုံ-PNLA
#ဟိုပုံးမြို့ #တိုက်ပွဲ #စစ်ကောင်စီ #အရာရှိများအပါအဝင် #၁၆ဦးသေ #လက်နက်ခဲယမ်း
#သိမ်းဆည်းရမိ #Ayeyarwaddy_Times