
နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂၄ ရက်
မရှုမလှ စစ်ရေးရှုံးနိမ့်လာသည့် အာဏာသိမ်း စစ်ကောင်စီက ၎င်းတို့ တပ်အင်အား ပြုန်းတီးနေမှုကို ဖြည့်တင်းနိုင်ရေးအတွက် တိုင်းပြည်အနာဂတ် အဖူးအညွှန့် လူငယ်လူရွယ်များကို ချနင်းအသုံးချရန် ကြံစည် လုပ်ဆောင်လာသည်။
အာဏာသိမ်း ၃ နှစ်ကျော် အတွင်း စစ်ကောင်စီသည် ၎င်းတို့၏ တရားမဝင် သက်တမ်းအား “သာမန်အခြေအနေမဟုတ်” အရေးပေါ်ကာလဟု သတ်မှတ်ကာ အကြောင်းအမျိုးမျိုးပြ၍ အလီလီ တိုးယူခဲ့ပြီးနောက် နိုင်ငံသားတိုင်း စစ်မှု မထမ်းမနေရ ဥပဒေကို ထုတ်ပြန် အသက်သွင်းလာခြင်း ဖြစ်သည်။
ယခင်ကတည်းက နည်းမျိုးစုံဖြင့် တပ်အင်အား ဖြည့်တင်းနေသော စစ်ကောင်စီသည် အရွယ်ရောက်သည့် နိုင်ငံသားတိုင်း မဖြစ်မနေ စစ်မှုထမ်းရန် ထုတ်ပြန်လိုက်သော “ပြည်သူ့စစ်မှုထမ်း” ဥပဒေသည် ၎င်းတို့အတွက် ကြံရာမရ ကောက်ရိုးတမျှင်ဖြစ်ကာ တပ်သားသစ် ရရှိရေးအပြင် ရည်ရွယ်ချက်များစွာ ရှိနေကြောင်း၊ တိုင်းပြည် အတွက် စိုးရိမ်စရာကောင်းကြောင်း မြန်မာ့အရေး လေ့လာသူများက ဝေဖန်သုံးသပ် ထောက်ပြကြသည်။
#အသက်သွင်းလိုက်သောစစ်မှုထမ်းဥပဒေ
မြန်မာနိုင်ငံတွင် စစ်မှုထမ်း ဥပဒေနှင့် ပတ်သက်၍ ၁၉၅၉ ခုနှစ် ပြည်သူ့စစ်မှုထမ်း အက်ဥပဒေကို သမ္မတ မန်းဝင်းမောင်က လက်မှတ်ရေးထိုး ပြဋ္ဌာန်းခဲ့ပြီး ၁၉၆၂ ခုနှစ်၊ ဇူလိုင် ၈ ရက်တွင် အာဏာတည်ခဲ့ကာ ယင်းနှစ်တွင်ပင် နှစ်ကြိမ် ပြင်ဆင်ခဲ့ကြောင်း သိရသည်။
ထို့နောက် ၂၀၁၀ ပြည့်နှစ်တွင် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (နအဖ) ဥပဒေ အမှတ် ၂၇/၂၀၁၀ ဖြင့် ပြည်သူ့စစ်မှုထမ်း ဥပဒေကို ထပ်မံပြဌာန်း၍ ၁၉၅၉ ခုနှစ် ပြည်သူ့စစ်မှုထမ်း အက်ဥပဒေအား ရုတ်သိမ်း ခဲ့ကြောင်း သိရသည်။
အာဏာသိမ်း စစ်ကောင်စီသည် ယခင်နအဖ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာ ၄ ရက်တွင် လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့သော အဆိုပါဥပဒေကို ၁၃ နှစ်ကျော် အကြာ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၀ ရက်နေ့ အသက်သွင်းခဲ့ခြင်းလည်း ဖြစ်သည်။
တရားလွှတ်တော်ရှေ့နေ စောဘဦးလေးက“မူလတည်ရှိပြီသား စစ်တပ်ကိုတောင် ပုံစံတကျ မစီမံ၊ မခန့်ခွဲတတ်တာကို အခုလို လူသစ်တွေခေါ်ပြီး တပ်သစ် တည်မယ် ဆိုတာကတော့ သူမတော်မတရား ရယူထားတဲ့ အာဏာ တည်မြဲရေးနဲ့ သူ့မိသားစု အကျိုးစီးပွား တည့်တံ့ရေး အတွက် နိုင်ငံသား ပြည်သူလူထုကိုပါ ချနင်းလာတဲ့ စစ်မိစ္ဆာတွေရဲ့ လုပ်ရပ် လို့သာ ဆိုရမှာပါ”ဟု ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထို့ပြင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ထိုနှစ်ထိုရက်၌ပင် လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့သော အရန်တပ်ဖွဲ့ (ခ) စစ်မှုထမ်းဟောင်းများ ဥပဒေ ကိုလည်း စစ်ကောင်စီက ဖေဖော်ဝါရီ ၁၃ ရက်တွင် ထပ်မံပုံဖော်ခဲ့သည်။
စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်း ဥပဒေနှင့် မရှေးမနှောင်းဆိုသလို ပုံဖော်လိုက်သော အရန်တပ်ဖွဲ့ ဥပဒေသည် စစ်မှုထမ်းဟောင်းသာမက တပ်သားသစ်များပါ လိုက်နာရနိုင်ပြီး တစ်ခါစစ်မှုထမ်းဖူးပါက ၎င်းတို့လိုအပ်ချိန်တိုင်း ပြန်ခေါ် ရည်ရွယ်ချက်ရှိကြောင်း CDM ဗိုလ်ကြီး ဇင်ယော်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
“စစ်တပ်ထဲ ရောက်သွားပြီဆိုရင် စစ်တပ်ရဲ့ သစ္စာတွေဘာတွေ လိုက်နာရမှာဆိုတော့ စစ်သားတစ်ယောက်လို ဖြစ်သွားပြီ။ အဲဒီမှာ သူက ကပ်ပြီးတော့ အရန်တပ်ဖွဲ့ ဥပဒေဆို ပြီးတော့ စစ်မှုထမ်းဟောင်းတွေကို ပြန်ဆွဲစိတာရှိတယ်။ ဒါသူရဲ့ နဂိုစစ်သားတွေကို ရည်မှန်းရုံနဲ့ မပြီးဘူး။ အခုစစ်မှုထမ်းလိုက်တဲ့ သူတွေကလည်း ဒီဥပဒေကို လိုက်နာ ရနိုင်တယ်” ဟု ၎င်းက ပြောဆိုသည်။
စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်း ဥပဒေအရ နိုင်ငံသားတိုင်း စစ်မှုထမ်းရမည် ဖြစ်ပြီး သာမန်အရပ်သား အမျိုးသားများ ဖြစ်ပါလျှင် အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း သတ်မှတ်ထားသည်။
ယင်းအပြင် ကျွမ်းကျင်သူ (ဆရာဝန်၊ အင်ဂျင်နီယာ၊ စစ်မှုလက်မှုပညာ တတ်မြောက်သူ သို့မဟုတ် အခြား အတတ်ပညာ တစ်ရပ်ရပ်ဖြင့် အသက် မွေးဝမ်းကျောင်းနေသူများ) အမျိုးသားများ ဖြစ်ပါလျှင် အသက် ၁၈ နှစ်မှ ၄၅ နှစ်အတွင်းဟု ဆိုသည်။
ထို့အတူ သာမန်အရပ်သား အမျိုးသမီးများ ဖြစ်ပါလျှင် အသက် ၁၈ နှစ်မှ ၂၇ နှစ်အတွင်း၊ ကျွမ်းကျင်သူ (ဆရာဝန်၊ အင်ဂျင်နီယာ၊ စစ်မှုလက်မှုပညာ တတ်မြောက်သူ သို့မဟုတ် အခြား အတတ်ပညာ တစ်ရပ်ရပ်ဖြင့် အသက်မွေးဝမ်း ကျောင်းနေသူများ) အမျိုးသမီးများ ဖြစ်ပါလျှင် အသက် ၁၈ နှစ်မှ ၃၅ နှစ် အတွင်း စစ်မှုထမ်းရမည် ဖြစ်သည်။
မြန်မာနိုင်ငံတွင် စစ်မှုထမ်းရန် ၂၀၁၉ ကြားဖြတ် သန်းခေါင်စာရင်းအရ အကျုံးဝင်သူ အမျိုးသားဦးရေ ၆.၃ (ခြောက်ဒသမသုံး) သန်းနှင့် အမျိုးသမီးဦးရေ ၇.၇ (ခုနစ်ဒသမခုနစ်)သန်း စုစုပေါင်း ၁၄ သန်းရှိပြီး အဆိုပါလူငယ်များအနက်မှ အမျိုးသမီးများကို လတ်တလောတွင် စစ်မှုထမ်းရန် ခေါ်ယူဦးမည် မဟုတ်ကြောင်း စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက ၎င်းတို့ဝါဒဖြန့် သတင်းစာများမှ တဆင့် ထုတ်ဖော် ပြောဆိုထားသည်။
ထို့ပြင် စစ်မှုထမ်းရန် အကျုံးဝင်သူ အမျိုးသားများအနက် ၁ ရာခိုင်နှုန်း ဖြစ်သည့် ၆၀,၀၀၀ ကျော်သာ စစ်မှုထမ်းရမည် ဖြစ်ပြီး ယင်းအရေအတွက်ကိုလည်း အလှည့်ကျပုံစံဖြင့် အပတ်စဉ်များခွဲ၍ ခေါ်သွားမည်ဖြစ်ကြောင်း သိရသည်။
“စစ်ကောင်စီကတော့ ငယ်တဲ့သူတွေကို ဦးစားပေး ခေါ်မှာပေါ့။ တကယ်တမ်း စစ်မှုထမ်း ဥပဒေအရ အသက်ပြည့်ခါနီး လူတွေကို ဦးစားပေး ခေါ်ရမယ်လို့ ကျွန်တော်တို့ စာတမ်းတွေ ပြုစုခဲ့ဖူးတယ်။ ဒါပေမယ့် သူအဲဒီလို လူရွေးမှာတော့ မဟုတ်တော့ဘူး” ဟု CDM ဗိုလ်ကြီး ဇင်ယော်က ပြောသည်။
#ခွဲခြား၍ကင်းလွတ်ခွင့်ပေး
ယာယီအားဖြင့် စစ်မှုထမ်းနိုင်သည့် ကျန်းမာရေး အဆင့်မမီဟု စစ်ကောင်စီ ဆေးဘုတ် အဖွဲ့၏ ထောက်ခံချက် ရရှိထားသူ၊ Non CDM၊ ပညာသင်ကြားနေသူ၊ သက်ကြီးမိဘများကို ပြုစုလုပ်ကျွေးနေသူ၊ မူးယစ်ဆေးဝါး ဖြတ်ရန် ဆေးကုသမှု ခံယူနေသူနှင့် ထောင်ကျနေသူများကိုမူ စစ်မှုထမ်းရန် ယာယီရွှေ့ဆိုင်းနိုင်ကြောင်း သိရသည်။
ထို့အတူ သာသနာ့ဝန်ထမ်းများ၊ အိမ်ထောင်သည် အမျိုးသမီးများ (သားသမီးရှိသူ)၊ ကိုယ်လက်အင်္ဂါ မသန်စွမ်းသူများ၊ စစ်ကောင်စီ ဆေးဘုတ်အဖွဲ့က ကျန်းမာရေးကြောင့် စစ်မှုထမ်းရန် အမြဲမသင့်လျော်ဟု သတ်မှတ်ထားသူများနှင့် ပြည်သူ့ စစ်မှုထမ်း ဆင့်ခေါ်ရေး ဗဟိုအဖွဲ့က အမိန့်ထုတ်ပြန်၍ ကင်းလွတ်ခွင့် ပြုထားသူများကိုလည်း စစ်မှုထမ်းရန် မလိုကြောင်း ဖော်ပြထားသည်။
စစ်ကောင်စီက သာသနာ့ ဝန်ထမ်းဟု ဆိုရာတွင် ဗုဒ္ဓဘာသာ၊ ခရစ်ယာန် ဘာသာနှင့် ဟိန္ဒူ ဘာသာတို့ အတွက်သာ သတ်မှတ်ထားပြီး အစ္စလာမ် ဘာသာကိုမူ ရည်ရွယ်ချက်ရှိရှိ ခွဲခြားထားပုံရသည်။
ထိုကဲ့သို့ ထုတ်ပြန်ထားသော်လည်း လက်တွေ့တွင်မူ ၎င်းတို့မိသားစုဝင် ဆွေမျိုး သားချင်းများ၊ ပတ်သက်ဆက်နွယ် နေသူများ၊ ငွေကြေးတတ်နိုင်သူများ (လာဘ်ပေး လာဘ်ယူ ကိစ္စများ) သည် သတ်မှတ်ချက် ပြည့်မီပါလျက် ကင်းလွတ်ခွင့် ရရှိနေဦးမည် ဖြစ်ကြောင်း လေ့လာသူများက ထောက်ပြသည်။
“ဒီဥပဒေက စစ်ကောင်စီ အင်အားကြီးထွားဖို့ကို အချိန်ကိုက် အသက်သွင်းလိုက်တာ ဖြစ်တယ်။ ဒီဥပဒေကို ဘယ်ပြည်သူမှလည်း ကြိုက်မှာမဟုတ်ဘူး ဆိုတာ သေချာတယ်။ အဲဒီတော့ သူတို့ အုပ်ချုပ်နေသရွေ့ ဒီဥပဒေဟာ အသက်ဝင်နေဦးမှာပဲ” ဟု CDM ဗိုလ်ကြီး ဇင်ယော်က ပြောသည်။
ယင်းအပြင် လူမျိုး၊ သက်ဝင်ယုံကြည်မှု၊ ကိုးကွယ်ရာဘာသာ၊ ဆင်းရဲချမ်းသာနှင့် ကျား-မ လိင်စိတ် ခံယူမှုဆိုင်ရာ ကွဲပြားမှု စသည်တို့အပေါ် အခြေခံ၍ ဖိနှိပ်ချိုးနှိမ်ခံရခြင်းများ၊ ခွဲခြားဆက်ဆံ ခံရခြင်းများလည်း ရှိလာနိုင်ကြောင်း သိရသည်။
“စစ်အင်အားနဲ့ တည်ဆောက်တဲ့ မဟာနိုင်ငံတခုဆိုတဲ့ အိပ်မက်က လုံးဝ မဖြစ်နိုင်ပါဘူး။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ပိုများမယ်။ လာဘ်စားမှုတွေကြောင့် ပိုလို့ ပုံပျက် ပန်းပျက် ဖြစ်မယ်။ မြို့သား ပိုက်ဆံရှိရင် နောက်တန်းနေ၊ တောသား ပညာလည်း မတတ်ရင် ရှေ့တန်းသွား ဆိုတာမျိုးတွေ ဖြစ်လာမယ်” ဟု နိုင်ငံရေး လေ့လာသုံးသပ်သူ တစ်ဦးကလည်း ဧရာဝတီတိုင်းမ်ကို ပြောသည်။
#အရေးပေါ်နေတာကတိုင်းပြည်လား၊ စစ်ကောင်စီလား
ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်တွင် နိုင်ငံ့အာဏာကို မဲစာရင်းကိစ္စ အကြောင်းပြ၍ မတရားသဖြင့် လုယူခဲ့သော စစ်ကောင်စီ၏ လုပ်ရပ်သည် ၎င်းတို့အလိုကျ တစ်ဖက်သတ် ရေးဆွဲခဲ့သော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကိုလည်း ချိုးဖောက်ခဲ့ခြင်း ဖြစ်သည်။
သို့သော် အာဏာသိမ်း စစ်ကောင်စီသည် ၎င်းတို့ကိုယ်တိုင် ဖျက်ဆီးလိုက်သော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ယနေ့တိုင် လိုက်နာလျက်ရှိသည်ဟု ကမ္ဘာသိအောင် လိမ်ညာနေသကဲ့သို့ ပြည်သူ့စစ်မှုထမ်း ဥပဒေကိုလည်း ယင်းဥပဒေအရ ကျင့်သုံးဖော်ဆောင်ခြင်း ဖြစ်သည်ဟု လီဆယ် ဆိုပြန်သည်။
စစ်ကောင်စီက လက်ရှိကာလကို အရေးပေါ်အခြေအနေဟု သတ်မှတ်၍ ၎င်းတို့အာဏာ သက်တမ်းအား လာမည့် ၂၀၂၄ ခုနှစ်၊ ဇူလိုင်ကုန်အထိ ခြောက်လ ထပ်မံ တိုးယူခဲ့ပြီးနောက် ထုတ်ပြန်ခဲ့သည့် ပြည်သူ့စစ်မှုထမ်း ဥပဒေတွင်လည်း ၂ နှစ်မှ ၅ နှစ်အထိ မဖြစ်မနေ စစ်မှုထမ်းရမည်ဟု ဖော်ပြထားသည်။
အဆိုပါ စစ်မှုထမ်းရမည့် ကာလကို သာမန်အရပ်သားများ ဖြစ်ပါလျှင် အများဆုံး ၂ နှစ်၊ ကျွမ်းကျင်သူများ ဖြစ်ပါလျှင် အများဆုံး ၃ နှစ်၊ အရေးပေါ် အခြေအနေ ဖြစ်ပေါ်လျှင် အများဆုံး ၅ နှစ်အထိ တိုးမြှင့်သတ်မှတ်ထားသကဲ့သို့ စစ်မှုထမ်းခြင်းကို အကြောင်း အမျိုးမျိုးပြ၍ ငြင်းဆိုပါက ထောင်ဒဏ် ၅ နှစ်အထိ ပြစ်ဒဏ်ချမှတ်မည်ဟု ဆိုသည်။
၂၀၀၈ ခြေ/ဥအရ အရေးပေါ်ကာလသည် နိုင်ငံအတွင်း သဘာဝဘေးအန္တရာယ် ကျရောက်လာမှုနှင့် အထူးသဖြင့် ပြည်ပ ကျူးကျော်စစ်အား ခုခံတော်လှန်မှုတို့ကို ရည်ညွှန်းထားပြီး စစ်ကောင်စီကမူ ၎င်းတို့ အာဏာသိမ်းမှုကို ပြည်သူက တော်လှန် ခြင်းအား အရေးပေါ် အခြေအနေဟု ဆိုလိုနေကြောင်း တရားလွှတ်တော်ရှေ့နေ စောဘဦးလေးက ထောက်ပြသည်။
#အကျိုးစီးပွားအတွက်သေတွင်းထဲပို့တာလား
ပြည်သူ့စစ်မှုထမ်း ဥပဒေကို ၁ နှစ်အတွင်း ပြဋ္ဌာန်းမည်ဟု စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင်က ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ပထမပတ် အတွင်းက ပြောခဲ့ပြီးနောက် ၂ နှစ်အကြာတွင် ယခုကဲ့သို့ အသက် သွင်းလိုက်ခြင်းသည် ၎င်းတို့ ပြုလုပ်ရန် ကြိုးပမ်းနေသော တရားမဝင် ရွေးကောက်ပွဲနှင့်ပါ သက်ဆိုင်မှုရှိနေသည်။
စစ်ကောင်စီ အနေဖြင့် ထိုစစ်မှုထမ်း ဥပဒေ ပြဌာန်း၍ “ပြည်သူ့စစ် မဟာဗျူဟာ” ဖော်ဆောင်မည် ဆိုလျှင် ၎င်း၏ နိုင်ငံရေး နောက်ဆုံးထွက်ပေါက်ကို ကောက်ရိုးတစ်မျှင် အဖြစ် ဆွဲယူသုံးစွဲလိုက်ခြင်း ဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာ စစ်ဘက် ဥပဒေ အထူးပြု လေ့လာသူလည်း ဖြစ်သည့် စောဘဦးလေးက ပြောသည်။
“သူ့ကိုအကောင်အထည် ဖော်မယ်ဆိုရင်တော့ သူ့မှာ ကြီးမားတဲ့အကျပ် အတည်း တစ်ခုရှိ လာတယ်။ အဲဒါက ဘာလဲ ဆိုတော့ ပြည်သူ့စစ် မဟာဗျူဟာ ဖော်ဆောင်မယ့်နေရာမှာ အဓိကအချက်ကတော့ ပြည်သူလူထုကို စည်းရုံးနိုင်မှု စွမ်းအား ရှိရပါမယ်” ဟု ၎င်းက ဆိုသည်။
လက်ရှိတွင် စစ်ကောင်စီသည် ရန်ကုန်တိုင်းအပါအဝင် တစ်နိုင်ငံလုံးရှိ စစ်မှုထမ်းရန် အကျုံးဝင်သော Non-CDM ဝန်ထမ်း စာရင်းများကို အရေးပေါ် ညွှန်ကြားချက် ထုတ်ပြန်၍ ကောက်ယူနေသလို ထိုအထဲမှ မီးသတ်တပ်ဖွဲ့ဝင် များအား ဦးစားပေး ခေါ်သွားမည် ဖြစ်ကြောင်း ဒေသတွင်း သတင်းများအရ သိရသည်။
“ကျွန်တော်တို့ကတော့ စာရင်းပါရင် ပြေးဖို့လိုက်ချိတ်မှာ။ ခက်နေတာက မိသားစုက လိုင်းခန်းမှာ၊ ကိုယ်ပြေးတာနဲ့ သူတို့ အဖမ်းခံရမယ်။ လိုင်းခန်းက အနှင်ခံရမယ်။ အရင်က စဉ်းစားသလို ပြောင်းလှည့်ဖို့ကလဲ စုံစမ်းရသလောက် ကျွန်တော် တို့ကို Human wave အနေအထားလုပ်မှာ အရှေ့ကနေ မိုင်းကွင်းနင်းခိုင်းဖို့ သက်သက်ခေါ်တာမျိုး ဆိုတော့ ကျွန်တော်တို့တွေ ရှေ့တိုးမရ နောက်ဆုတ်မရ ဖြစ်နေတာ” ဟု မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ Non CDM တစ်ဦးက ဧရာဝတီ တိုင်းမ်ကို ပြောသည်။
အာဏာသိမ်းပြီးနောက် တပ်အင်အား အပြင်းအထန် လိုအပ်လျက်ရှိသည့် စစ်ကောင်စီသည် ယင်းစစ်မှုထမ်း ဥပဒေကို ပြဋ္ဌာန်း၍ တပ်သားသစ် စုဆောင်းမှုကို ဧပြီလအတွင်း လုပ်ဆောင်သွားမည်ဟု တရားဝင် ပြောဆိုထားပြီး စစ်မှုထမ်းရန် လူစာရင်း အတိအကျကိုလည်း ဆိုင်ရာမြို့နယ်များသို့ အလျင်အမြန် ပို့ဆောင်နေကြောင်း သိရသည်။
“စပြီး အာဏာသိမ်းကတည်းက အနုပညာရှင်တွေကအစ ထောင်ကျခံပြီး သူတို့ကို CDM လုပ်ကြဖို့ တိုက်တွန်းခဲ့တယ်။ ဆွဲခေါ်ခဲ့ကြတယ်။ ဒါပေမယ့် ပါမလာခဲ့ကြဘူး။ အခုအခြေအနေက တိုက်တွန်းရမယ့် အခြေအနေ မဟုတ်တော့ဘူး” ဟု CDM ကထိက ဆရာမတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီက ပြည်သူလူထုအပေါ် မည်ကဲ့သို့ သဘောထားသည်ကို ကိုယ်တိုင် သိသင့်ကာ မည်သို့ လုပ်ဆောင်မည် ကိုလည်း ကိုယ်တိုင်ဆုံးဖြတ်ရမည့် အချိန်ဖြစ်သောကြောင့် လက်ရှိအချိန် အသိဝင်ပါက နောက်မကျသေးကြောင်း လည်း ၎င်းက ဆိုသည်။
လက်ရှိတွင် စစ်ကောင်စီက စစ်မှုမထမ်းမနေရ ဥပဒေထုတ်ပြန်ပြီးနောက် မြို့နယ်များအတွင်းရှိ လူငယ်လူရွယ်များကို ဖမ်းဆီး၍ ငွေညှစ်တောင်းခံမှုများလည်း ဆက်တိုက်ပြုလုပ်လာသလို ဧည့်စာရင်း အကြောင်းပြ ဖမ်းဆီးမှုများလည်း ရှိနေကြောင်း သိရသည်။
အဆိုပါ ဥပဒေသည် တိုင်းပြည်အတွက် အင်မတန် အန္တရာယ်ကြီးပြီး တိုင်းပြည်၏ အညွှန့်အဖူးလေးများကို သေတွင်းထဲ ပို့ရန် စီစဉ်နေသည့်အပေါ် အင်မတန် စိတ်ထိခိုက်ရကြောင်း ဝါရင့် နိုင်ငံရေးသမား တရားလွှတ်တော် ရှေ့နေကြီး ဦးကြီးမြင့်က ဆိုသည်။ ။
#လူငယ်ထုဘဝများ #ချနင်းရန်ကြံစည် #စစ်ကောင်စီ #သတင်းဆောင်းပါး #Ayeyarwaddy_Times