
ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂၄ ရက်
နိုင်ငံကူးလက်မှတ် (ပတ်စပို့စ်) လျှောက်ထားချိန်တွင် လူနှစ်ဦးသေဆုံးရသော မန္တလေးရုံးခွဲအပါအဝင် ပုသိမ်၊ နေပြည်တော်နင့် ပဲခူးရုံးခွဲများတွင် ယင်းမြို့နယ်ရှိ အိမ်ထောင်စာရင်းဝင်များသာ နိုင်ငံကူးလက်မှတ်လျှောက်ထားမည်ဖြစ်ပြီး ဖေဖော်ဝါရီ ၂၆ ရက်နေ့မှ စတင်၍ Online Booking စနစ်ကို အသုံးပြုနိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံကူးလက်မှတ်ထုတ် ပေးရေးရုံးက ယနေ့ ဖေဖော်ဝါရီ ၂၄ ရက်နေ့တွင် ထုတ်ပြန်သည်။
အဆိုပါ အွန်လိုင်းရက်ချိန်းစနစ်ပြောင်းလဲသုံးလိုက်သည့် မြို့နယ်များတွင် သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီး အိမ်ထောင်စုစာရင်းဝင်မဟုတ်သူများကို Booking ရရှိသော်လည်း ဆောင်ရွက်ပေးမည်မဟုတ်ကြောင်း စစ်ကောင်စီလက်အောက်ခံ မြန်မာနိုင်ငံကူးလက်မှတ်ထုတ် ပေးရေးရုံးက ဆိုထားသည်။
နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး ( ရန်ကုန်) တွင် Online Booking စနစ်ဖြင့် နေ့စဉ်လူဦးရေ ၂၇၀၀ နှုန်းပါအဝင် မြို့ကြီး ၁၄ မြို့နယ်ရှိနိုင်ငံကူး လက်မှတ် ထုတ်ပေးရေးရုံးများတွင် သတ်မှတ်လူဦးရေစာရင်းအတိုင်းလုပ်ပေး နေကြောင်း အဆိုပါ အဖွဲ့က ကြေညာသည်။
အဆိုပါမြို့များတွင် မြစ်ကြီးနား၊ ဟားခါး၊ လွိုင်ကော်၊ မကွေး၊ မုံရွာ၊ တောင်ကြီး၊ ကျိုင်းတုံ၊ လားရှိုး၊ တာချီလိတ်၊ ဘားအံ့၊ မြဝတီ၊ မော်လမြိုင်၊ ထားဝယ်၊ ကော့သောင်း၊ စစ်တွေတို့ပါဝင်ကြောင်းသိရသည်။
ထို့ပြင် သတ်မှတ်အရေအတွက်အတိုင်း အမှန်တကယ်သွားရောက်မည့်သူများကို နိုင်ငံကူး လက်မှတ် ပုံမှန်ထုတ်ပေးမည်ဖြစ်ပြီး ကောလာဟလသတင်းများထုတ်ကာ ငွေကြေးအဆမတန်တောင်းခံသူ ကြားခံပွဲစားများကိုအရေးယူမည်ဟု မြန်မာနိုင်ငံကူး လက်မှတ်ထုတ် ပေးရေးရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။
ထို့ပြင်ကျန်ရှိနေသောမြို့နယ်များ၌ နိုင်ငံကူးလက်မှတ်ပြုလုပ်ရာတွင် တိုကင်စနစ်ဖြင့် အမည်စာရင်းပေးခဲ့ရပြီး ထပ်မံချိန်းဆိုသည့်နေ့တွင် ပတ်စပို့စ် လုပ်ငန်းများပြုလုပ်ရခြင်း ဖြစ်ကြောင်းသိရသည်။
“ နယ်တွေမှာလုပ်ရင် တိုကင်နဲ့ မနက်ရုံးကိုသွားပြီး နာမည်စာရင်းပေးခဲ့လိုက်တာ။ တိုကင်ယူပေးခတော့ ဈေးအမျိုးမျိုးပါပဲ။ အခုတော့ မန္တလေးမှာ ပတ်စပို့စ် အပြီး ရမယ်ဆိုပြီး ၁၅ သိန်းနဲ့ သိန်း ၂၀ ကြားတောင်းနေ တယ်လို့ကြားတယ် ” ဟု ပွဲစားတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး (ရန်ကုန်) တွင်ပြုလုပ်ရမည့် Online Booking စနစ် QR ယူရာတွင် မည်သည့်ဒေသကနေမဆိုယူနိုင်ပြီး ဝင်ရောက်သူများပြား၍ ဝက်ဆိုဒ်ဆာဗာမကြာခဏရပ်ဆိုင်းသွားကြောင်း QR Code ဝန်ဆောင်မှုပေးသူတစ်ဦးက ဆိုသည်။
ထို့ပြင် ပညာရေး၊ ကျန်းမာရေးကိစ္စရပ်များဖြင့် အရေးပေါ်ပြည်ပသို့ အချိန်မီ သွားရောက်ရန်လိုအပ်သူများအတွက် ခိုင်လုံသော အထောက်အထားများအပါအဝင် သက်ဆိုင်ရာ စစ်ကောင်စီ ဝန်ကြီးဌာန၏ ထောက်ခံချက်နှင့်အတူ နိုင်ငံကူးလက်မှတ် အမြန်ထုတ်ယူနိုင်ရန် Green Channel ဖြင့် ဆောင်ရွက်ပေးနေကြောင်းသိရသည်။
“ Green ချန်နယ်က ဝန်ကြီးဌာနထောက်ခံချက်လိုတယ်။ ကျန်းမာရေးအတွက် ထိုင်းနိုင်ငံကိုဆေးစစ်သွား မယ်ဆိုရင် ထိုင်းနိုင်ငံဘက်မှာရှိတဲ့ဆေးရုံက ဆေးရုံရက် ချိန်းတို့ လေယာဉ်လက်မှတ်တို့နဲ့ ဆရာဝန်ရဲ့ ဆေးစစ်ချက်တွေလိုတယ်။ အဲဒါတွေ ကိုရောဂါရှိတာမျိူးမဟုတ်ဘဲ ဆေးစစ်ပြီး စာရွက်စာတမ်းနဲ့လျှောက်လိုက်တာ။ အမြန် လိုရင် အမြန်ကြေးရှိတယ်” ဟု နိုင်ငံကူးလက်မှတ်ပြု လုပ်ရန်စီစဉ်နေသူ တစ်ဦးက ပြောကြားသည်။
ယင်းပြင် MOU စနစ်ဖြင့်သွားရောက်မည့်အလုပ်သမာများ၊ ဘာသာရေးဆိုင်ရာ အဖွဲ့အစည်းများနှင့် ပြင်ပနိုင်ငံသို့အစိုးရကိစ္စရပ်များဖြင့် သွားရောက်မည့်သူများကို Green Channel ဖြင့်အမြန်ထုတ်ပေးနေကြောင်း သိရသည်။
“ Facebook နဲ့ Tiktok မှာ ပတ်စပိုစ့် အမြန်လုပ်ပေးမယ်ဆိုပြီး ငွေအများကြီး တောင်းတာရှိတယ်။ အလိမ်မခံရ အောင်တော့ service အပ်မယ်ဆိုရင်စိတ်ချရတဲ့ နေရာအပ်မှရမယ်။ အဲဒီနည်းလမ်းတွေနဲ့လုပ်ဖို့ သိန်းဆယ်ချီနေတာတွေ့တယ် ” ဟု နိုင်ငံကူးလက်မှတ်ဝန်ဆောင်မှုပေးသူတစ်ဦးက ဆိုသည်။
လက်ရှိတွင် မြန်မာနိုင်ငံကူးလက်မှတ်အသစ်ပြုရာတွင် ကျပ် ၃၅,၀၀၀ သတ်မှတ်ထားပြီး ပြည်တွင်း၌ပျောက်ဆုံးသူများ ပြန်လည်လျှောက်ထားရာတွင် သက်ဆိုင်ရာရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူး ထောက်ခံချက်၊ ပျောက်ဆုံးကြောင်း ရဲစခန်း ထောက်ခံ ချက်တို့ဖြင့် စစ်ကောင်စီ၏ သတင်းစာတစ်ခုခုတွင် နိုင်ငံကူးလက်မှတ် ပြန်လည်ရရှိနိုင်ရေးအတွက် အမည်၊ အဘအမည်၊ နိုင်ငံသား စိစစ်ရေး ကတ်အမှတ်၊ ပျောက်ဆုံးနိုင်ငံကူးလက်မှတ်အမှတ်တို့အား မှန်ကန်စွာ ထည့်သွင်းကြော်ငြာရ မည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
စစ်ကောင်စီက စစ်မှုထမ်းဥပဒေ အတည်ပြုပြဌာန်းပြီးနောက်ပိုင်း ပြင်ပနိုင်ငံ ထွက်ခွာလိုသူများလာပြီး နိုင်ငံကူးလက်မှတ်ပြုလုပ်သူ များလာကာ မန္တလေးမြို့တွင် နိုင်ငံကူးလက်မှတ်လျှောက်ထားရန် တိုကင်ယူရန်စောင့်ဆိုင်းချိန်တွင် လူအုပ်တိုးမှု ကြောင့် ထိခိုက်သေဆုံးသွားသူ အမျိုးသမီးနှစ်ဦးရှိခဲ့သည်။
စစ်ကောင်စီ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလတွင် ရန်ကုန်အပါအဝင်တိုင်းနှင့်ပြည်နယ်များရှိ နိုင်ငံကူးလက်မှတ် (Passport) စာအုပ်လျှောက်ထားခြင်း၊ ထုတ်ပေးခြင်းတို့ကို လနှင့်ချီကြာ ပိတ်ပင်ခဲ့သေးသည်။
ဓာတ်ပုံ – လူမှုကွန်ရက်
#ပတ်စပိုစ့် #onlinebooking #မြို့နယ်အသစ်တိုး #Ayeyarwaddy_Times