နွေဦးမောင်/ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂၄ရက်
မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် နိုင်ငံရေးအခက်ခဲ၊ စီးပွားရေးအခက်ခဲများကြောင့် ထိုင်းနိုင်ငံအတွင်း ဝင်ရောက်နေထိုင်ကြသည့် မြန်မာနိုင်ငံသားများ အနေဖြင့် သွားလာ နေထိုင်ခြင်းများကို အထူးဂရုစိုက်ကြရန် မြန်မာနိုင်ငံသား အရေးကူညီ ဆောင်ရွက် ပေးနေသည့် အဖွဲ့အစည်းများက သတိပေး ပြောဆိုသည်။
စစ်တပ် အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံသားအများအပြားသည် ပြည်ပနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်နေကြရပြီး စစ်ကောင်စီက ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင် စစ်မှုထမ်းဥပဒေကို အတည်ပြုပြဌာန်းခဲ့ခြင်းကြောင့် စစ်ကောင်စီလက်အောက်တွင် စစ်မှုထမ်းဆောင်လိုခြင်းမရှိသည့် လူငယ်အများစုသည် လွတ်မြောက်နယ်မြေများနှင့် အိမ်နီးချင်း ထိုင်းနိုင်ငံသို့ နယ်စပ်ဖြတ်ကျော်ထွက်ခွာမှုများ ပြုလုပ်လာကြသည်။
မြန်မာနိုင်ငံနယ်စပ် ထိုင်းနိုင်ငံသို့ ထွက်ခွာလာသူများတွင် တရားဝင် လမ်းကြောင်းမှ ဝင်ရောက်လာသူများ ရှိသလို တရားမဝင်လမ်းကြောင်းမှလည်း ဝင်ရောက်လာသူများ ရှိနေ၍ ထိုင်းအာဏာပိုင်များ၏ စစ်ဆေး ဖမ်းဆီး အရေးယူခြင်းခံရသူ အများအပြားရှိ လာနေကြောင်း သိရသည်။
“မြန်မာနိုင်ငံသားတွေကတော့ တစ်ပူပေါ် နှစ်ပူ၊ သုံးပူ၊ လေးပူဆင့်တာပေါ့။ ကပ်ကြီး လေးပါး မှ အမြန်ဆုံးလွတ်မြောက်ပါစေလို့ပဲ ဆုတောင်းရမလိုဖြစ်နေပြီ ။ ပထမတစ်ပူ ကတော့ ၂ ရာခိုင်နှုန်းအခွန်ဆောင်ခြင်းနဲ့ မိသားစုထံ လွှဲငွေလို့ အမည်ခံထားတဲ့ ၂၅ရာခိုင်နှုန်း အခွန်ဆောင်ခြင်းပဲ။ ဒုတိယ ကစစ်အာဏာသိမ်းမှုကို အပြီးတိုင် ဖျက်သိမ်းဖို့ ရုန်းကန်နေကြရတဲ့ အပူပေါ့။ တတိယကတော့ စစ်မှုထမ်း ဥပဒေကိုပြဌာန်းလိုက်လို့ လူငယ်မောင်မယ်တွေနဲ့ ပတ်သက်တဲ့ ကပ်ဆိုက်တာပဲ။ စတုတ္ထကတော့ လွတ်မြောက် နယ်မြေလို့ ထင်မြင်ပြီး ထိုင်းနိုင်ငံထွက်ပြေးလာကာမှ ဧည့်စာရင်းဝင်စစ်ပြီး ချောင်ပိတ် ရိုက်ခံရတဲ့ကပ်မျိုးဖြစ်နေပြီ” ဟု ထိုင်းနိုင်ငံရှိ မြန်မာနိုင်ငံသား လုပ်သားများ အရေးဆောင်ရွက်ပေးနေသူ ဦးမိုးကြိုးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ထိုသို့အခက်အခဲများ ကြုံနေရခြင်းကြောင့် မြန်မာနိုင်ငံသားများအနေဖြင့် အစုလိုက် အပြုံလိုက် သွားလာခြင်းများ လျှော့ချရန်နှင့် မူးယစ်သောက်စားခြင်းများရှောင်ရှား၍ မလိုလားအပ်သော ပြဿနာတစ်စုံတရာ မဖြစ်အောင်နေထိုင်ကြရန် ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားများအရေး ဆောင်ရွက်ပေးနေသူများက အသိပေးထားသည်။
“ဈေးသွားတာကအစ ဆယ်ယောက်ကိုယ်စား တစ်ယောက်ပဲသွားတာမျိုး။ မဲဆောက်မှာ ရှိတဲ့ ဟိုတယ်၊ မိုတယ်တွေကို မလိုအပ်ဘဲ သွားတာလာတာမလုပ်ဖို့၊ တစ်ယောက်နဲ့ တစ်ယောက် မရှိအတူ ရှိအတူ ခွဲဝေမျှစားပြီး နေထိုင်ကြဖို့ လိုတယ်။ နောက် ဒီလို ကာလမှာ မူးယစ်သောက်စားတာတွေကိုရှောင်ရှားပြီး မလိုလားအပ်တဲ့ ပြသာနာတစ်စုံ တရာမဖြစ်အောင်နေထိုင်ကြပါ။ နေတာထိုင်တာသွားတာလာတာကအစ အရင်ပုံစံမျိုး မနေဘဲ ဆင်ခြင်နေကြဖို့လိုပါတယ်” ဟု ဦးမိုးကြိုးက ဆိုသည်။
ထိုင်းလူဝန်မှုကြီးကြပ်ရေးအနေဖြင့် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၂ ရက်နေ့ကစတင်၍ မဲဆောက်မြို့ ပါဝင်သည့် တာ့ခ်ခရိုင်အတွင်းရှိ ဟိုတယ်၊ မိုတယ်၊ အင်း၊ အိမ်ခန်း နှင့် တိုက်ခန်းများတွင် တစ်ရက်ထက်ပိုနေထိုင်သူများအား ဧည့်စာရင်းတိုင်ကြားရန် ထုတ်ပြန်ထားကြောင်း ထိုင်းသတင်းရင်းမြစ်များထံက သိရသည်။
ပုံစာ-ထိုင်းနိုင်ငံမှ ဖမ်းဆီးခံထားရသည့် မြန်မာနိုင်ငံသားများကို မြန်မာနိုင်ငံနယ်စပ် မြဝတီသို့ ပြန်လည်ပို့ဆောင်စဉ်
#ထိုင်းနိုင်ငံ #ဝင်ရောက်လာသူ #မြန်မာနိုင်ငံသားများ #သတိရှိရန် #မြန်မာနိုင်ငံသားအရေးကူညီ #အသိပေး #Ayeyarwaddy_Times