ဧရာဝတီတိုင်းမ်
(ကျိုက်ထို)၊ ဖေဖော်ဝါရီ ၂၄ ရက်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကျိုက်ထို-ရန်ကုန် ကားလမ်းမပေါ်ရှိ စစ်ကောင်စီ၏ မုပ္ပလင်စစ်ဆေးရေးဂိတ်စခန်းကို ယမန်နေ့ ဖေဖော်ဝါရီ ၂၃ ရက်နေ့၊ နေ့လယ် ၁ နာရီ ဝန်းကျင်တွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်သားနှင့် ရဲတပ်ဖွဲ့ဝင်များမှ အထိုင်ချနေသည့် မုပ္ပလင်လမ်းဆုံ စစ်ဆေးရေးဂိတ်ကို စစ်ရေးပစ်မှတ်အဖြစ် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီအဖွဲ့ဝင် သုံး ဦးမှာ နေရာတွင်ပင်သေဆုံးခဲ့ပြီး သုံး ဦးမှာ ဆေးရုံသို့ခေါ်ဆောင်သွားစဉ် လမ်းတွင်သေဆုံးခဲ့ပြီး ကျန်သုံးဦးမှာ ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း ကျိုက်ထိုတော်လှန်ရေးအင်အားစု(KRF) ထံက သိရသည်။

“မနေ့က ဖြစ်တဲ့ မုပ္ပလင် လမ်းဆုံဂိတ်ကို သွားရောက်ပစ်ခတ်တဲ့အချိန်မှာ သုံးယောက် ပွဲချင်းပြီး သေတယ်လို့သိရတယ်။ ဒဏ်ရာရတဲ့သူတွေလည်းရှိတယ်။ ကျွန်တော်တို့ ပစ်မှတ်နေရာတွေ၊ မစ်ရှင်နေရာတွေနဲ့ပတ်သတ်ပြီး မကြာ ခဏ သတိပေးပါတယ်။ ပြည်သူလူထု အနေနဲ့ စစ်ကောင်စီနဲ့အနီးစပ်ဆုံး အတူတူမနေဖို့၊ ကားနောက်တွေ မလိုက်ဖို့ဆိုတာတွေ ကိုလည်း အမြဲတမ်းသတိပေးနေပါတယ်။ ပြောထားပါတယ်ခင်ဗျ” ဟု သထုံခရိုင်PDFတာဝန်ရှိသူ ကိုအေးမင်းထွန်းက ဧရာဝတီတိုင်းမ်ကို ပြောသည်။

တိုက်ခိုက်မှုအတွင်း အဆိုပါဂိတ်အနီးတွင် ဈေးရောင်းနေသည့် ဈေးသည် တစ်ဦးထိခိုက်ခဲ့ပြီး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့သည့်အတွက် KRFနှင့် ပူးပေါင်းအဖွဲ့က စိတ်မကောင်းဖြစ်ရကြောင်း ထုတ်ပြန်ထားသည်။

အဆိုပါစစ်ဆေးရေးဂိတ် တိုက်ခိုက်မှုကို KNU/KNLA၊ Night Hawks၊ ကျိုက်ထို တော်လှန်ရေးအင်အားစု(KRF)၊ ကျိုက်ထို(ပကဖ) တို့မှ ပူးပေါင်း တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ကျိုက်ထိုတွင် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၁ ရက်နေ့ကလည်း စစ်တောင်းတံတား ဂိတ်သစ်နှင့် မုပ္ပလင်လမ်းဆုံဂိတ်တို့ကို KRFနှင့် တော်လှန်ရေးပူးပေါင်းအဖွဲ့များက ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။

ဓာတ်ပုံ – အင်တာနက်
#ကျိုက်ထို #မုပ္ပလင်စစ်ဆေးရေးဂိတ် #တိုက်ခိုက်ခံရ #စစ်ကောင်စီတပ်ဖွဲ့ဝင်သေဆုံး #KRF #Ayeyarwaddy_Times