
ဧရာဝတီတိုင်းမ်
(မင်းတပ်)၊ ဖေဖော်ဝါရီ ၂၄ ရက်
စစ်ကောင်စီက စစ်မှုမထမ်းမနေရ ဥပဒေ အတည်ပြုထုတ်ပြန်ပြီးနောက် မင်းတပ်မြို့တွင် အခြေ စိုက်ထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် တစ်ကြိမ် တစ်ခါမျှ လာရောက် ခြင်းမရှိသော မြို့ပေါ်ရှိ နေရာအချို့တွင် သွားလာလှုပ်ရှားမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
စစ်ကောင်စီထံတွင် စစ်မှုမထမ်းချင်သောအကြောင်းပြချက်တခုတည်းဖြင့် တော်လှန်ရေး တပ်ဖွဲ့ထံသို့ ဝင်ရောက်လာပါက တော်လှန်ရေးတပ်ဖွဲ့များအတွက် ဝန်ထုပ်ဝန်ပိုးသာ ဖြစ်မည်ဟု ယူဆသည့်အတွက် လက်နက်ကိုင်တော်လှန်ရေးလုပ်မည့် ခံယူချက်ဖြင့် ဝင်ရောင်လာသူများကိုသာ လက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။
“CDF-Mindat ကတော့ တကယ်စစ်သားဖြစ်လိုတဲ့ ခံယူချက်နဲ့ လက်နက်ကိုင် တော်လှန်ရေးလုပ်မယ်လို့ ရည်ရွယ်ဝင်လာရင်တော့ လက်ခံမှာပါ။ စစ်ကောင်စီထံမှာ စစ်မှုမထမ်းချင်လို့ ရှောင်လာတဲ့သဘောဆိုရင်တော့ တမျိုးစဥ်းစားပေးရမယ်ထင်တယ်။ ဒီကိစ္စကို ဗဟိုကာကွယ်ရေးကော်မတီမှာ စနစ်တကျ ကိုင်တွယ်ဖြေရှင်းဖို့ မူဝါဒ ချမှတ်ထားတာတော့မရှိသေးဘူး။ မူဝါဒချမှတ်ဆုံးဖြတ်ဖို့ရှိလာပါလိမ့်မယ်ခင်ဗျ” ဟု ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်)၊ သတင်း၊ ပြန်ကြားရေးနှင့် မှတ်တမ်းဌာနမှ ဆလိုင်းမင်းတပ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီသည် လက်ရှိအချိန်အထိ မင်းတပ်မြို့ပေါ်မှ လူငယ်လူရွယ်များကို စစ်မှုထမ်းရန်အတွက် ဖမ်းဆီးခြင်းများ မရှိသေးသော်လည်း မြို့ပေါ်တွင် လှုပ်ရှားမှု များရှိလာသောကြောင့် ဒေသခံလူငယ်များကို ဖမ်းဆီးမှုများ ပြုလုပ်လာနိုင်ကြောင်း CDF-မင်းတပ်ထံက သိရသည်။
စစ်ကောင်စီက စစ်မှုမထမ်းမနေရဥပဒေထုတ်ပြန်ပြီးနောက် စစ်မှုမထမ်းလိုသော ပြည်သူများကို ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်)က ဖိတ်ခေါ်ခြင်းမရှိသလို ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်)ထံ ဝင်ရောက်ရန် လာရောက်ဆက်သွယ်ခြင်းများ လည်း မရှိကြောင်းသိရသည်။
ဓာတ်ပုံ -CDF-မင်းတပ်
#CDF-မင်းတပ် #စစ်သားခံယူချက် #လက်နက်ကိုင်တော်လှန်ရေး #ရည်ရွယ်သူများ #လက်ခံမည် #Ayeyarwaddy_Times