ဆောင်းပါးရှင် – ဒေါက်တာမိုးသစ်နေ
(ဧရာ၀တီတိုင်းမ်၊ ဖေဖော်ဝါရီ ၂၅ ရက်)
လူသားတိုင်းလိုလို တစ်ကိုယ်ရည်သန့်ရှင်းဖို့အတွက် နေ့စဉ် ရေချိုးကြရပါတယ်။ လူမျိုး၊ နိုင်ငံ နဲ့ ဓလေ့ထုံးစံတွေအလိုက် ရေချိုးတာတွေလည်း ကွဲပြားခြားနားကြပါတယ်။ ကိုးကွယ်ယုံကြည်မှုဆိုင်ရာ ပွဲလမ်းတွေကျင်းပပြီး ရေချိုးသဘင် ဆင်နွှဲတတ်ကြပါတယ်။ သန့်ရှင်းစင်ကြယ်သော ရေနှင့် ခန္ဓာကိုယ်ကို ဆေးကြောပြီး မြင့်မြတ်သော လူသား အဖြစ်ကို သတ်မှတ် ခံယူပေးတဲ့ သာသနာရေးပွဲလမ်းတွေလည်း ရှိနေကြပါတယ်။
ရေချိုးခြင်းယဥ်ကျေးမှုကို လူသားတွေ အမြတ်တနိုး တန်ဖိုးထားကြသလို မြစ်ကမ်း နားမှာ ရေချိုးဆိပ် ဆိုပြီး နာမည်သတ်မှတ် ခေါ်ဆိုကြတတ်ပါသေးတယ်။
ဒါကြောင့် ရေချိုးတော့မယ်ဆိုရင် ရေချိုးဖို့ သုံးရေ ကောင်းမွန်ရပါမယ်။ pH 7 ဝန်းကျင်းနား နီးလေလေ ရေကောင်းလေလေပါပဲ။ အက်ဆစ်နှင့်အယ်ကာလီ အစွန်း ဘက်ရောက်နေတဲ့ရေတွေကို မသုံးသင့်ပါဘူး။
မိုးရေချိုးတဲ့ မိုးရေထဲမှာ လေထုထဲက ဓာတ်ငွေ့တွေ ပျော်ဝင်ပါလာကြောင့် အက်ဆစ် ဆန်တဲ့ ရေဖြစ်သွားပြီး အန္တရာယ်ရှိနိုင်လို့ သတိထားသင့်ပါတယ်။ မိုးရွာခါစ မိုးဦးရေကို မသုံးသင့်ပါဘူး။
စေးထန်းနေတဲ့ ရေစေးက သုံးလို့မကောင်းဘဲ အရေပြားနှင့် အဝတ်အစားတွေကို ထိခိုက်ပျက်စီးစေတတ်ပါတယ်။ ရေသွက်ကိုသာ သုံးရပါမယ်။ အဝီစိ တွင်းရေ၊ မြေအောက်ရေတွေမှာ သတ္တုတွေပျော်ဝင်နေတတ်ပြီး ပမာဏလွန်ကဲတဲ့ အထိများနေပါက ကျန်းမာရေးထိခိုက်ယိုယွင်းစေမှာပါ။ ကန်ရေ၊ ဆည်မြောင်း တာတမံရေ၊ စိမ့်စမ်းရေ၊ ချောင်းရေ၊ မြစ်ရေ စတဲ့ရေများကို သုံးမယ်ဆိုပါက သုံး၍ ရနိုင်တဲ့ အဆင့်အထိ စနစ်တကျ ပြုပြင်ပေးရပါမယ်။
ရေကို စစ်ယူပြီး သိုလှောင်ရပါမယ်။ အနည်ထိုင်ထားရပါမယ်။ အနည်တွေကို ချန်ထား ခဲ့ပြီး အနည်ကင်းစင်တဲ့ ရေတွေကို နေရောင်ကျစေကာ ပိုးသန့်စင်ပေးရပါမယ်။ (Solar Disinfection) နည်းလမ်းဖြင့်သုံးရေကို အလွယ်တကူ ပြင်ဆင်နိုင်ပါပြီ။
#ရေသန့်စင်ခြင်းအခြားနည်းလမ်းများ
Boiling- ရေကို ကျိုက်ကျိုက်ဆူအောင် အပူပေးခြင်းက အလွယ်ဆုံးနည်းလမ်း ဖြစ်ပါတယ်။ ပိုးမွှားကင်းစင်ပြီး အလွယ်တကူကိုသန့်စင်စေပါတယ်။
Chlorination- ကလိုရင်း စံချိန်စံညွှန်းနဲ့အညီ ခတ်ပေးပါက ပိုးကင်းစင်တဲ့ သုံးရေကို ရပါမယ်။
Flocculant Disinfection- ပိုးကင်းစင်ဆေးခတ်ခြင်းဖြင့် ရေကိုသုံးရေအဖြစ် ပြောင်းလဲ ကာ အသုံးပြုနိုင်ပါတယ်။
Slow Sand Filtration- ရေကို ကျောက်စရစ်ခဲ၊ သဲကြမ်းး၊ မီးသွေး ၊ စပါးခွဲဖွဲပြာ စသည်ဖြင့် အလွှာများစွာကို ဖြတ်သန်းစေလျက် သဘာဝနည်းဖြင့် ရေသန့်စင် နိုင်ပါတယ်။
RO Machine- အိမ်သုံး ကျောင်းသုံး ရုံးသုံး ရေသန့်စက်များဖြင့်လည်း အလွယ်တကူ သန့်စင်နိုင်ပါတယ်။
ကြွေသားမြေသားရေစစ်အိုးများဖြင့် ရေစစ်ပိုးသန့်ခြင်း လုပ်နိုင်ပါတယ်။
သုံးရေ မကောင်းပါကအရေပြားနဲ့ ဆံပင်တွေထိခိုက်ပျက်စီးတတ်ပါတယ်။ ခန္ဓာကိုယ် ကျန်းမာ စေဖို့အတွက် ရေကောင်းကိုသာအသုံးပြုပါ။
ဆပ်ပြာမျာက အမြုပ်ထပြီး ချေး(ဂျီး)ညှော်တွေ အညစ်အကြေးတွေ အဆီတွေကို ရှင်းစေပါတယ်။ ရေချိုးဆပ်ပြာတုံး ဆပ်ပြာရည် များသုံးပြီး ရေချိုးပေးရပါမယ်။ လူတချို့မှာတော့ဆပ်ပြာမှာပါတဲ့ ဓာတုပစ္စည်းနဲ့ ဓာတ်မတည့်ခြင်း တွေဖြစ်တတ် ပါတယ်။ အရေပြားထိခိုက်လောင်ကျွမ်း တိုက်စားသွားတာမျိုး ဖြစ်နိုင်ပါတယ်။
ဒါကြောင့်မို့ ကိုယ်နှင့် အဆင်ပြေမယ့် ဆပ်ပြာကိုရွေးချယ်ပါ။ ကလေးဆပ်ပြာ များကတော့ အန္တရာယ်အနည်းဆုံး ဖြစ်တာကြောင့် ရွေးချယ်သင့်ပါတယ်။
#တစ်နေ့ရေဘယ်နှစ်ကြိမ် ချိုးသင့်ပါသလဲ။
အနည်းဆုံး တစ်ခါတော့ နေ့စဉ်ရေချိုးသင့်ပါတယ်။ ချွေးထွက်သန်သူတွေ အားကစား လုပ်သူတွေ အလုပ်ကြမ်းလုပ်ရသူတွေ တစ်နေ့ နှစ်ကြိမ်မက ရေချိုးသင့်ပါတယ်။
သန့်ရှင်းဖို့ အတွက်သာမကဘဲ အနံ့အသက်ကင်းဖို့ အရေပြားမှသေဆုံးသွားတဲ့ ဆဲလ် အသေတွေရှင်းလင်းဖို့ အညောင်းအညာပြေဖို့ လန်းဆန်းဖို့ လှဖို့ ရေချိုးသင့်ပါတယ်။
#ဘယ်အချိန်မှာရေချိုးဖို့မလိုဘူးလဲ။
ရေမချိုးသင့်တဲ့အချိန်ရယ်လို့မရှိပါဘူး။ ဆေးမင်ကြောင်ထိုးထားစဉ် ခွဲစိတ်ကုသထားစဉ် အခြေအနေအရ ရေမထိရမယ့် နေရာတွေကို ချန်ပြီး ကျန်နေရာတွေကို ရေပါတ်ဝတ်တိုက်တာ ရေချိုးတာ လုပ်ရပါမယ်။
ဖျားနေတဲ့လူနာကို ရေမချိုးဘဲ မထားသင့်ပါဘူး။ ခန္ဓာကိုယ်အပူချိန်က ရေချိုးမှ သာကျဆင်းသွားမှာဖြစ်တာကြောင့်ဖျားတဲ့လူနာတွေမှာလည်း ပုံမှန်အတိုင်း ရေချိုးသင့် ပါတယ်။
ကလေးငယ်များကိုလည်း နေမကောင်းဖြစ်ပါက ရေမချိုးဘဲ ထားတတ်ကြပါတယ်။ စိုးရိမ်စိတ်မများဘဲ ရေချိုးပေးနိုင်ပါတယ်။ ဖျားနာကလေးကို ရေချိုးခြင်းက ကုသမှု တစ်ခုပဲ ဖြစ်နေပါတယ်။ အဖျားမကျတဲ့အခါ အခန့်မသင့်ပါက ကလေးငယ်အဖျားကြီး၍ တက်ပါက စိုးရိမ်ရနိုင်ပါတယ်။
နေပူကြီးထဲ ရေမချိုးနဲ့ အပူရှပ်တတ်တယ်ဆိုပြီး အရပ်ထဲမှာ ပြောကြပါတယ်။ ညဘက်ဆိုရင်လည်း ရေမချိုးနဲ့ လေဖြတ်မယ်ဆိုပြီး ယုံကြည်ထားကြပါတယ်။
ဒါတွေက တကယ်တော့ စိုးရိမ်စရာတွေမဟုတ်ပါဘူး။ ကျနော်တို့လူသားတွေက သွေးနွေးသတ္တဝါတွေဖြစ်ပါတယ်။ ပူခြင်းအေးခြင်းကို ခန္ဓာကိုယ်ကတုန့်ပြန်ပါတယ်။ ပူလွန်းတဲ့ အချိန်မှာ ခဏအနားယူပြီး ရေချိုးလိုပါက ချိုးနိုင်ပါတယ်။
ညဘက်မှာဆိုလည်း ရေချိုးပြီး ခြောက်ခြောက်သွေ့သွေ့ပြန်ဖြစ်အောင်ရေသုတ်ပါက ပြဿနာ မရှိပါ။ အစားအသောက်မဆင်ခြင်ခြင်း၊ ဆေးပုံမှန်မသောက်ခြင်း၊ သွေးတိုးကို စနစ်တကျမကုသခြင်း တို့ကသာ လေဖြတ်ခြင်းကိုဖြစ်စေမှာပါ။
ဒါဆိုရင် ရေချိုးခြင်းပေါ်မှာထားရှိတဲ့ သံသယတွေလည်း ရှင်းလောက်ပြီထင်ပါတယ်။ နောက်တစ်ပတ်မှာတော့ ကျွန်တော်တို့အားလုံး သိချင်ကြတဲ့ ကပ်ပါးသံကောင်တွေ အကြောင်း ဖော်ပြပေးသွားမှာပါ။ Ayeyarwaddy Times ပရိသတ်များအားလုံးလည်း ကျန်းမာကြပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်။
#ကျန်းမာရေးအသိပညာပေးကဏ္ဍ #ပဋိပက္ခကာလအတွင်းရှင်သန်နေထိုင်ခြင်း #သန့်ရှင်းကျန်းမာရေချိုးပါ #ဆောင်းပါး #Ayeyarwaddy_Times
(စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံ၌ဖြစ်ပေါ်နေသည့် ပဋိပက္ခကာလအတွင်း ပြည်သူများ ကျန်းမာစွာရှင်သန်နေထိုင်နိုင်ရေးအတွက် “ပဋိပက္ခကာလအတွင်း ရှင်သန် နေထိုင်ခြင်း” (ကျန်းမာရေးအသိပညာပေးအစီအစဉ်) ကို ဧရာ၀တီတိုင်းမ် သတင်းဌာန အနေဖြင့် အပတ်စဉ် တနင်္ဂနွေနေ့နှင့် ဗုဒ္ဓဟူးနေ့တိုင်းတင်ဆက်သွားမည် ဖြစ်ပါ၍ စောင့်မျှော်ကြည့်ရှုကာ ကျန်းမာရေးအသိပညာများရယူနိုင်ပါကြောင်း သတင်း ကောင်းပါးအပ်ပါသည်။)