ဧရာ၀တီတိုင်းမ်
ဖေဖော်ဝါရီ ၂၅ ရက်

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့ကို စစ်ကောင်စီက လေ ကြောင်းအသုံးပြုကာ ဖျက်အားပြင်း ပေါင် ၅၀၀ ဗုံး များဖြင့် ကြဲချ၍ ဖျက်ဆီးတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီသည် ယနေ့ ဖေဖော်ဝါရီ ၂၅ ရက် နံနက် ၁ နာရီအချိန်ခန့်မှ စ၍ မွန်းလွဲ ၂ အချိန်ထိ စစ်ကောင်စီက တိုက်လေယာဉ် သုံးစင်း အသုံးပြု၍ လေကြောင်းမှ လာရောက် တိုက်ခိုက်သည့်အပြင် ပေါင် ၅၀၀ ဗုံးများဖြင့်ပါ ကြဲချခဲ့ကြောင်း ဒေသခံများထံက သိရသည်။

“လောင်းချောင်းတို့ တောင်ဥက္ကလာတို့ဘက်က လူတွေ ကတော့ ဇန်နဝါရီ ၂၄ ရက်နောက်ပိုင်းကတည်းက ပြောင်းသွားကြပြီ။ မပြောင်းလို့လည်းမရတော့ဘူး။ အကုန် ဗုံးကြဲခံလို့ မီးလောင်ပြင်ဖြစ်နေပြီ။ ဒီနေ့လာကြဲတဲ့ ပေါင် ၅၀၀ ဗုံးတွေက ကျက်သရေ ရပ်ကွက်ကို ကျတယ် ပြောတယ်”ဟု ရမ်းဗြဲစစ်ရှောင်တစ်ဦးက ဧရာ၀တီ တိုင်းမ်ကို ပြောသည်။

စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားရာနေရာနှင့် အနီး၀န်းကျင်ရှိ ရပ်ကွက်များကို တိုက် လေယာဉ် စစ်ရဟတ်ယာဉ်များနှင့် Y-12 လေယာဉ်တို့ကိုအသုံးပြုကာ ပစ်ခတ် တိုက်ခိုက်ခဲ့သည့်အတွက် ကျက်သရေရပ်ကွက်မှ နေအိမ် ၂၀ ကျော်ထက်မနည်း မီးလောင်ပျက်စီး ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီသည် ယမန်နေ့ ၂၄ ရက်နေ့ နံနက်ပိုင်းအချိန်ကလည်း ကျက်သရေ ကျေးရွာအတွင်းသို့ ဂျက်ဖိုက်တာဖြင့် သုံးကြိမ်လာရောက်တိုက်ခိုက်ခဲ့သည့် အတွက် ဒေသခံအမျိုးသားတစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၂၃ ရက်နေ့က ရမ်းဗြဲမြို့ သိမ်တောင်ဘုရားကုန်းအနီးတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို AA က ထိုးစစ်ဆင်၀င်ရောက်တိုက်ခိုက်ရာမှ တိုက်ပွဲအနည်းငယ် ဖြစ်ပွားပြီးနောက် စစ်ကောင်စီက ရမ်းဗြဲ မြို့တစ်မြို့လုံးကို ရေကြောင်းမှ လက်နက် ကြီးများဖြင့်ပစ်ခြင်း၊ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းများကို ယနေ့အထိ ပြုလုပ်နေ လျက်ရှိသည်။

ဓာတ်ပုံ- Arakan Bay News-ABN
ပုံစာ- ရမ်းဗြဲမြို့ပေါ်သို့ စစ်ကောင်စီကြဲချခဲ့သည့် ဗုံးများ
#ရခိုင် #ရမ်းဗြဲ #စစ်ကောင်စီ #ဗုံးကြဲ #ပေါင်၅၀၀ဗုံး #Ayeyarwaddy_Times