ဧရာဝတီတိုင်းမ်
(ပေါင်းတည်)၊ ဖေဖော်ဝါရီ ၂၄ ရက်

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ သစ်ပုတ်ကျေးရွာအုပ်စု၊ လက်ပံခုန်ရွာအနီး စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီစစ်ကြောင်းကို ယမန်နေ့ ဖေဖော်ဝါရီ ၂၃ ရက်၊ နံနက် ၁၁ နာရီ ဝန်းကျင်တွင် ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (၃၆၀၁ PPDF)တပ်ရင်း၊ တပ်ရင်း Sniperအဖွဲ့နှင့် တပ်ခွဲ-၁ တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

နယ်မြေရှင်းလင်းရန်လာသည့် အင်အား ၂၆ ဦးပါစစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့များက စနိုက်ပါဖြင့်ပစ်ခတ်ခဲ့ရာ တပ်ဖွဲ့ဝင်တစ်ဦး သေဆုံးကာ တစ်ဦး ဒဏ်ရာရရှိခဲ့သည့်အတွက် အဆိုပါ စစ်ကောင်စီစစ်ကြောင်းသည် သေဆုံးတပ်သား အလောင်းနှင့်အတူ လက်ပံခုန်ရွာရှိ ဒေသခံနေအိမ်အချို့ကို မီးရှို့ဖျက်ဆီး ခဲ့ကြောင်း သိရသည်။

“စစ်ကြောင်းထိုးတာက လွန်ခဲ့တဲ့နှစ်ရက်ထဲကနေ သစ်ပုတ်တာဝါတိုင်က ထွက်လာတာ။ နယ်မြေရှင်းလင်းရေးလုပ်မယ်ဆိုပြီး ထွက်လာကြတာ။ ဒီစစ်တပ်က ဒီဘက်ရွာတွေ ဘက်မှာ လူသူအင်အားစုလို့မရဘူး။ နောက်ပြီး ပြည်သူ့စစ်လို့‌ခေါ်တဲ့ ပျူစောထီး ဖွဲ့လို့မရတာတွေကြောင့် နေအိမ်တွေမီးရှို့တာလို့ယူဆရတယ်” ဟု ပြည်သူ့ကာကွယ်ရေး တပ်မတော် ၃၆၀၁(PPDF)တပ်ရင်း ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားတာဝန်ခံက ဧရာဝတီတိုင်းမ်ကို ပြောသည်။

တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီစစ်ကြောင်းမှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့ပြီး ၎င်းတို့၏ မီးရှို့ခံရမှုကြောင့် တဲ ၃၂ လုံးနှင့် နေအိမ် ၈ လုံး မီးလောင်ကျွမ်းခဲ့ရကြောင်းလည်း ‌သိရသည်။

စစ်ကောင်စီသည် ပြည်ခရိုင်အတွင်း ပေါင်းတည်မြို့နှင့် ပေါက်ခေါင်းမြို့များတွင် ကျေးရွာမီးရှို့မှုများ ဆက်တိုက်လုပ်ဆောင်နေပြီး ပြီးခဲ့သည့် ဇန်နဝါရီ ၂၃ ရက်နေ့ကလည်း လက်ပံခုန်ရွာ၊ နတ်ကန်ရွာ၊ ညောင်ပင် ရွာများမှ တဲနှင့် နေအိမ် ၄၃ လုံးကို အကြောင်းမဲ့ မီးရှို့ဖျက်ဆီးခဲ့သည်။

ထို့ပြင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ စစ်ရေးအရှန်မြှင့်တင်နေပြီ ဖြစ်သည့်အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်သားများ၊ ရဲတပ်ဖွဲ့ဝင်များအနေဖြင့်လည်း ပြည်သူနှင့် အတူပူးပေါင်းပြီး ပြည်သူ့ရင်ခွင်ထံ အမြန်ဆုံးခိုလှုံကြရန် ပြည်သူ့ကာကွယ်ရေး တပ်မတော် ၃၆၀၁ (PPDF)တပ်ရင်းက တိုက်တွန်း‌ပြောဆို ထားသည်။

ဓာတ်ပုံ – ပေးပို့
#ပေါင်းတည် #ပြည်ခရိုင် #စစ်ကြောင်းထိုး #မီးရှို့ #စစ်ကောင်စီ #Ayeyarwaddy_Times