နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂၄ ရက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဟိုပုံးမြို့နယ်၊ လွယ်ဝိုးတုတ်ကျေးရွာအနီးတွင် တပ်စွဲထားသည့် စစ်ကောင်စီ၏ တပ်စခန်း တစ်ခုကို သိမ်းယူခဲ့ပြီး လက်နက်ခဲယမ်းအချို့ရရှိခဲ့ကြောင်း ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်(PNLA) ထံက သိရသည်။

ဟိုပုံးမြို့နယ် အရှေ့ဘက်ခြမ်းတစ်နေရာတွင် စစ်ကောင်စီတပ်နှင့် ၎င်းလက်အောက်ခံ ဦးအောင်ခမ်းထီ၏ ပအိုဝ်းပြည်သူ့စစ်အဖွဲ့(PNO/PNA) တို့သည် ယမန်နေ့ ဖေဖော်ဝါရီ ၂၃ ရက်က ပအိုဝ်းဒေသ လုံခြုံရေးဆိုင်ရာ လှုပ်ရှားနေသော (PNLA) စစ်ကြောင်းကို လာရောက်တိုက်ခိုက်သဖြင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

“PNLA စစ်ကြောင်းကို လာရောက်တိုက်ခိုက်လို့ ထိတွေ့တိုက်ပွဲ ဖြစ်ပြီးတော့ ရှင်းလင်းမှု လုပ်ရတယ်။ အဲဒီမှာ သူတို့ ပူးပေါင်းတပ်စွဲထားတဲ့ စခန်း တစ်ခုကို သိမ်းပိုက်ရရှိခဲ့တယ်။ လက်နက်အချို့ရတယ်။ တိုက်ပွဲဖြစ်ပွားတဲ့ အချိန်မှာတော့ စစ်ကောင်စီနဲ့ ပြည်သူ့စစ်တွေဟာ အကုန်ထွက်ပြေးသွားတယ်” ဟု PNLA ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထိုသို့ထိတွေ့တိုက်ပွဲ ဖြစ်ပွားသည့်နေရာကို PNLA က နယ်မြေရှင်းလင်းမှု ပြုလုပ်ရာ စစ်ကောင်စီတပ်နှင့် ၎င်းလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ်အဖွဲ့(PNO/PNA) တို့ ပူးတွဲတပ်စွဲထားသည့် လွယ်ဝိုးတုတ် ကျေးရွာအနီးရှိ တပ်စခန်း တစ်ခုကို သိမ်းပိုက်ရရှိခဲ့သလို ယင်းတို့ထံမှ RPG ၁ လက်၊ ပစ္စတို ၁ လက်နှင့် ခဲယမ်းအချို့လည်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

စစ်ကောင်စီသည် ယမန်နေ့တွင်ပင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဆီဆိုင်မြို့ကို လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှု သုံးကြိမ်ပြုလုပ်ခဲ့ပြီး ဟိုပုံးမြို့နယ်၊ မဲနယ်တောင်ဒေသကိုလည်း လက်နက်ကြီးများဖြင့် အကြိမ် ၁၀၀ နီးပါး ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“သူတို့ ဒဏ်ရာရလို့ ဆွဲသွားတဲ့နေရာမှာ သွေးကွက်တွေတော့ တွေ့ရတယ်ပေါ့နော်။ သူတို့ရဲ့ အလောင်းတွေ ကျန်ရှိခဲ့တာမျိုးတော့ မရှိဘူး။ အဲဒါကြောင့်မို့ သူတို့ ဘယ်လောက်ထိခိုက်သေဆုံးသလဲ ဆိုတဲ့ အတိအကျတော့ ကျွန်တော်တို့လည်း မသိရဘူး” ဟု PNLA ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ပြောသည်။

ထို့အတူ စစ်ကောင်စီသည် ထမ်းဆန်းဂူဒေသနှင့် ထမ်းဆန်း ရွှေတိဂုံစေတီတော်တွင် လက်နက်ကြီးများ အထိုင်ချကာ မဲနယ်တောင်ဒေသကို ဆက်လက်ပစ်ခတ်တိုက်ခိုက်ခြင်း၊ ခရီးသွားပြည်သူများ၏ ကားများအား ပစ်ခတ်ခြင်းများလည်း ဆက်လက်ပြုလုပ်နေကြောင်း သိရသည်။

အဆိုပါ စစ်ကောင်စီ တပ်စခန်း သိမ်းပိုက်ရရှိမှုနှင့် ပတ်သက်၍ ထွက်ပေါ်နေသည့် သတင်းများအရ PNLA နှင့်အတူ ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော်(SSPP/SSA) လည်း မဟာမိတ်အဖြစ် ပါဝင်ပူးပေါင်း တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်းအပေါ် PNLA ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံကမူ “တချို့ဟာတွေက စစ်ရေး လုံခြုံရေးအရ၊ အခြေအနေ အချိန်အခါအရ ဖြေကြားဖို့ အဆင်မပြေသေးပါဘူး” ဟု ဆိုသည်။

ထို့အတူ မိုင်းပွန်မြို့နယ်တွင်လည်း စစ်ကောင်စီတပ်၊ ၎င်းလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ်အဖွဲ့(PNO/PNA) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော်(SSPP/SSA) ၊ မဟာမိတ်တပ်များအကြား ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၁ ရက်မှစ၍ တိုက်ပွဲများ ဖြစ်ပွားနေကြောင်း သတင်းများအရ သိရသည်။

စစ်ကောင်စီတပ်နှင့် လက်အောက်ခံ ပြည်သူ့စစ်များသည် ၎င်းတို့၏ အာဏာရှင်စနစ် သက်ဆိုးရှည်ရေးအတွက် ပအိုဝ်းလူမျိုးများ အထွဋ်အမြတ်ထားသော ဘာသာရေးဆိုင်ရာ မြင့်မြတ်သည့် နေရာများကို အကာအကွယ်ယူခြင်း၊ တိုက်ခိုက်ဖျက်ဆီးခြင်းများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ယင်းလုပ်ရပ်များသည် ပအိုဝ်းလူမျိုးများ၏ နှလုံးသည်းအူကို မီးရှို့နေသည့် လုပ်ရပ်သာ မကဘဲ ဘာသာရေး လွတ်လပ်ခွင့်ကိုပါ ထိပါးဖျက်ဆီးနေခြင်း ဖြစ်သည်ဟု PNLA က ထုတ်ပြန်ပြောဆိုသည်။

စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်များအနေဖြင့် စစ်အာဏာရှင်ကို ကာကွယ်ပေးနေရသည့် မိမိ၏လုပ်ရပ်အား ဦးနှောက်ကြီးကြီးဖြင့် သေချာသုံးသပ်စဉ်းစား၍ စစ်အာဏာရှင်စနစ် လက်အောက်မှ ရုန်းထွက်ကာ အမျိုးသားလွတ်မြောက်ရေးလမ်းကြောင်းပေါ်သို့ အမြန်ဆုံးကူးပြောင်းကြရန် PNLA က ထပ်မံတိုက်တွန်းထားသည်။

ဓာတ်ပုံ-PNLA
#ဟိုပုံးမြို့ #လွယ်ဝိုးတုတ်ကျေးရွာ #စစ်ကောင်စီတပ်စခန်း #PNLAသိမ်းယူ #လက်နက်အချို့ရရှိ #Ayeyarwaddy_Times