
နွေဦးမောင် /ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂၄ရက်
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့အနည်းတဝိုက်မှာ စစ်ကောင်စီတပ် နှင့် တော်လှန်ရေးတပ်ဖွဲ့များ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေပြီး ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၂ ရက်နေ့က ကော့ကရိတ်မြို့ပေါ်ရှိ အမှတ် (၇) ရပ်ကွက်ကို စစ်ကောင်စီတပ်က ဝင်ရောက်မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံများထံကသိရသည်။
စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ၊ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (PDF) ပူးပေါင်းအဖွဲ့များထိတွေတိုက်ပွဲ ဖြစ်ပွားမှုများ ဆက်တိုက်ဖြစ်ပွားနေပြီး မြို့ပေါ်ရှိ စစ်ကောင်စီတပ် အထိုင်စခန်းများက ကော့ကရိတ်မြို့ အနည်းတဝိုက်ရှိ ရွာများကို လက်နက်ကြီးဖြင့် ရမ်းသန်းပစ်ခတ်မှုများ လုပ်ဆောင်နေကြောင်း သိရသည်။
“တိုက်ပွဲတွေဖြစ်နေတာတော့ ကြာပြီ။ မြို့ပေါ်အထိုင်တပ်တွေကနေ နေ့တိုင်းဆိုသလိုကော့ကရိတ်နားက ရွာတွေကိုရမ်းသန်းပစ်ခတ်နေတယ်။ ကော့ကရိတ် မြို့ပေါ်မှာလည်း လူနေအိမ်တွေကို မီးရှို့ဖျက်စီးနေတာ။ တနေ့က ( ဖေဖော်ဝါရီ ၂၂ ရက်) ကော့ကရိတ် ၇ ရပ်ကွက်ကို မီးရှို့ဖျက်ဆီးပြီး အနီးအနားမှာရှိတဲ့ ကျေးရွာတွေကို လက်နက်ကြီးနဲ့ပစ်ခတ်တာတွေ လုပ်နေတယ်” ဟု မြေပြင်တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
လက်ရှိတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များ ကော့ကရိတ်မြို့ အနီးတွင် တိုက်ပွဲများ ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်သည် မြို့ပေါ်ရှိ ဒေသများပိုင်ဆိုင်သည့် အိမ်များသို့ ဝင်ရောက်၍ ပစ္စည်းများ ခိုးယူကာ မီးရှို့ ဖျက်ဆီးခြင်းများ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း မြေပြင်တော်လှန်ရေး တပ်ဖွဲ့ဝင်၏ ပြောကြားချက်အရ သိရသည်။
ကော့ကရိတ် မြို့ပေါ်ရှိ ရပ်ကွက်အများစုတွင် ဒေသခံများ နေထိုင်ခြင်းမရှိတော့ဘဲ ဖေဖော်ဝါရီ ၁ ရက်နေ့မှ ယနေ့ ဖေဖော်ဝါရီ ၂၄ ရက်နေ့အထိ ကော့ကရိတ်မြို့ပေါ်မှ ထွက်ပြေးတိမ်းရှောင်နေရသည့် ဒေသခံပြည်သူ ၁၀,၀၀၀ ကျော်အထိ ရှိလာနေပြီဖြစ်ကြောင်း စစ်ဘေးရှောင်နေသူများထံက သိရသည်။
စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် ဇန်နဝါရီလဆန်းပိုင်းကလည်း ကော့ကရိတ်မြို့ အမှတ် (၁)ရပ်ကွက် နှင့် အမှတ် (၂)ရပ်ကွက်များကို မီးရှို့ဖျက်ဆီးခြင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းများ လုပ်ဆောင်ခဲ့ကြောင်း စစ်ဘေးရှောင် ဒေသခံများထံက သိရသည်။
ပုံစာ- ယခုလအတွင်းက ကော့ကရိတ်မြို့မှ ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေးနေစဉ်
#ကော့ကရိတ်မြို့နယ် #စစ်ကောင်စီတပ် #တော်လှန်ရေးတပ်ဖွဲ့များ #ထိတွေ့တိုက်ပွဲ #ဆက်တိုက်ဖြစ်ပွား #Ayeyarwaddy_Times