မြရာ/ဧရာ၀တီတိုင်းမ်
ဖေဖော်ဝါရီ ၂၃ ရက်
ပဲခူးတိုင်း၊ ပြည်မြို့ရှိ မှုခင်းရဲတပ်ဖွဲ့အိမ်ရာတွင် ယနေ့ နံနက်ပိုင်းက ဗုံး ရှစ်လုံး ပေါက်ကွဲခဲ့ပြီး မှုခင်းရဲ တစ်ဦးသေဆုံးကာ စစ်ကောင်စီတပ်သားများနှင့် ရဲတပ်ဖွဲ့၀င် ၁၀ ဦးထက် မနည်းထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ပြည်မြို့ ကညနရုံးအနောက်ဘက်ကပ်လျက်ရှိ မှုခင်းရဲတပ်ဖွဲ့အိမ်ရာတွင် ယနေ့ နံနက် ၄ နာရီခန့်က ဗုံး ရှစ် လုံးဆက်တိုက်ပေါက် ကွဲကာ စစ်ကောင်စီတပ်ဖွဲ့၀င် ရဲနှင့်စစ်သားများ သေ ဆုံးသူနှင့် ထိခိုက်ဒဏ်ရာရရှိသူများ ရှိခဲ့ကြောင်း ဒေသခံများထံက သိရသည်။
“အိမ်ရာမှာ ပေါက်ကွဲတယ်ဆိုပေမယ့် ကညနရုံးမှာတပ် စွဲထားတဲ့ စစ်သားတွေရော အိမ်ရာမှာရှိတဲ့ စစ်သားနဲ့ ရဲအချို့ရော ထိတာ။ လူနာတင်ယာဉ်တွေနဲ့ ထိခိုက်တဲ့ လူတွေကို ပြည်မြို့ ခုတင် ၁၀၀ စစ်ဆေးရုံကိုခေါ်သွားတယ်။ အခုဗုံးဖောက်တာလည်း ကြေညာ ပြီးလုပ်တာ လို့ကြားတယ်” ဟု အဆိုပါမှုခင်းတပ်ဖွဲ့နှင့်နီးစပ်သည့် ပြည်သူတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ပြည်မြို့ရှိ မြိုပြတော်လှန်ရေးတပ်ဖွဲ့များသည် ယခုမစ်ရှင်ကို ဖော်ဆောင်ခြင်းမပြုခင် ကြိုတင် ကြေညာထားသည့်အတွက် စစ်ကောင်စီက ယမန်နေ့ ဖေဖော်ဝါရီ ၂၂ ရက်နေ့တွင် န၀ဒေးတံတားပေါ်၌ လုံခြုံရေးတင်းကျပ်ထားပြီး မှတ်ပုံတင်ပြ၍ အ၀င် အထွက်လက်မှတ်ရေးထိုး ဖြတ်သန်းခိုင်း ကြောင်း Pyay Underground News PUGN ထံက သိရသည်။
ထို့အပြင် ပြည်မြို့အတွင်း၌လည်း လုံခြုံရေးအထူး တင်းကျပ်ကာ လူငယ်၊ လူရွယ်များကို အဓိကပစ်မှတ် ထား၍ ဖုန်းများကိုပါစစ်ဆေးမှုများ ပြုလုပ်ခဲ့သည်ဟု ဆိုသည်။
အဆိုပါတိုက်ခိုက်မှုကို ပြည်ခရိုင်တပ်ရင်း-၃၀၆၂ ၏ လက်အောက်ခံ မြို့ပြပြောက်ကျား တပ်ဖွဲ့မှ ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု သိရှိရပြီး ဧရာ၀တီတိုင်းမ်သတင်းဌာန အနေဖြင့် ဆက်သွယ်အတည်ပြုလျက်ရှိသည်။
ယင်းသို့ ဗုံးခွဲတိုက်ခိုက်ခံရမှုကို စစ်တပ်ထောက်ခံ ဝါဒဖြန့်ချန်နယ်အချို့တွင် အသံမိုင်း ဖောက်ခွဲခဲ့ခြင်းဖြစ်သည့်အတွက် မည်သူမျှဒဏ်ရာရရှိခြင်းမရှိဟု ရေးသားဖော်ပြထားသည်။
ပုံစာ-ယနေ့နံနက်ပိုင်းတွင် ဗုံးပေါက်ကွဲမှုကြောင့် ဗုံးရှာဖွေရှင်းလင်းရေးလုပ်နေသည့် စစ်ကောင်စီ တပ်သားများ (PUGN)
#ပဲခူး #ပြည် #စစ်ကောင်စီ #မှုခင်းရဲအိမ်ရာ #ဗုံးခွဲခံရ #မှုခင်းရဲ၁ဦးသေဆုံး #Ayeyarwaddy_Times