မြရာ/ဧရာ၀တီတိုင်းမ်
ဖေဖော်ဝါရီ ၂၃ ရက်

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့အတွင်းရှိ ကံထူးမရဲစခန်းကို တော်လှန်းရေးပူး ပေါင်းတပ်ဖွဲ့များမှ ၀င်ရောက်တိုက်ခိုက်ခဲ့ရာ စစ် ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့၀င် ၄၀ နီးပါးသေဆုံး သွားသည့်အတွက် စစ်ကောင်စီက ယနေ့ ဖေဖော် ဝါရီ ၂၃ ရက်နေ့တွင် ကံထူးမတစ်ရွာလုံးကို မီးရှို့ဖျက်ဆီးနေကြောင်း သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၁ ရက်နေ့ နံနက် ၃ နာရီခန့်မှစ၍ ကံထူးမစံပြကျေးရွာရှိ စစ်ကောင်စီ၏ ရဲစခန်းကို တော်လှန်ရေးတပ်ဖွဲ့များက ၀င်ရောက်တိုက်ခိုက်ပြီး ရဲစခန်းနှင့် ဘန်ကာများကို မီးရှို့ဖျက်ဆီးနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကံထူးမရဲစခန်းတွင် စစ်ကောင်စီနှင့် ရဲတပ်ဖွဲ့ အင်အား ၄၀ နီးပါး အထိုင်ချ တပ်စွဲထားပြီး တိုက်ပွဲဖြစ်ပွားစဉ်တွင် ယင်းစခန်းမှ ရဲတပ်ဖွဲ့၀င် ၄ ဦးသာ အရှင် ထွက်ပြေးလွတ်မြောက်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီသည် တိုက်ပွဲဖြစ်ပွားနေစဉ်တွင် လေကြောင်းမှ ဂျက်ဖိုက်တာ၊ Y-12လေယာဉ်၊ Mi-35 တို့ဖြင့် အကြိမ် ၂၀ ကျော် လာရောက်တိုက်ခိုက်ခဲ့ပြီး ဗုံး အလုံးရေ ၆၀ ကျော်ကြဲချခဲ့သည့်အတွက် ကံထူးမရွာနှင့် ပကာရွာတို့မှ နေအိမ်များပျက်စီး ခဲ့ကြောင်း သိရသည်။

ထို့အပြင် ကံထူးမရွာမှ အမျိုးသမီးနှစ်ဦးထိခိုက်ခဲ့ပြီး ပကာရွာမှလည်း ဒေသခံပြည်သူ ၁၁ ဦး ထိခိုက်ဒဏ် ရာရရှိခဲ့ကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားနေစဉ်တွင် ရေဦးမြို့မှ ကံထူးမရွာသို့ စစ်‌ကူထွက်လာသည့် စစ်ကောင်စီတပ်ဖွဲ့များကိုလည်း တော်လှန်ရေးတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက် နိုင်ခဲ့ကြောင်း စစ်ကိုင်းတော်လှန်ရေးတပ်ဖွဲ့ဝင်က ဆိုသည်။

အဆိုပါတိုက်ပွဲကို ရွှေဘိုခရိုင် တပ်ရင်း ၇၊ ၈၊ ၁၀၊ ၁၆၊ တန့်ဆည်ပကဖနှင့် ဒေသခံကာကွယ်ရေးတပ်များမှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယနေ့တွင် ရေဦး‌နယ်မှ စစ်ကူလာသည့် အင်အား ၇၀ ပါ ဘီလူးစစ်ကြောင်းနှင့် ကန့်ဘလူနယ်မှ အင်အား ၇၀ ပါစစ်ကြောင်းတို့ ပူးပေါင်းပြီး ကံထူးမတစ်ရွာလုံး ကို မီးရှို့ဖျက်ဆီးမှုများပြုလုပ်နေကြောင်း စစ်ကိုင်း တော်လှန်ရေးတပ်ဖွဲ့၀င်ထံက သိရသည်။

ကံထူးမရဲစခန်းတိုက်ခိုက်ခံရပြီး ထွက်ပြေးလွတ် မြောက်သွားသည့် ရဲတပ်ဖွဲ့၀င် ၄ ဦးကို စစ်ကောင်စီ၏ ပြည်ထဲရေး၀န်ကြီးနှင့် ဒု၀န်ကြီးတို့မှ ဖေဖော်ဝါရီ ၂၂ ရက်‌နေ့က ရွံ့ရွံ့ချွန်ချွန် ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟုဆိုကာ မှတ်တမ်းတင်ဂုဏ်ပြုခဲ့ပြီး ရဲအုပ်အား ဒုရဲမှူးအဆင့်သို့ တိုးမြှင့်ပေးပြီး ကျန်တပ်ဖွဲ့၀င် ၃ ဦးကိုလည်း ဆုများ ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ပုံစာ- ကံထူးမရွာကို စစ်ကောင်စီကမီးရှို့ဖျက်ဆီးနေပုံနှင့် လေကြောင်းမှ ဗုံးကြဲမှုကြောင့် ပျက်စီးနေပုံများ
#စစ်ကိုင်း #ကံထူးမရဲစခန်း #ရဲတပ်ဖွဲ့၄၀ #သေဆုံး #၄ဦးလွတ်မြောက် #စစ်ကောင်စီမီးရှို့ #PDF #Ayeyarwaddy_Times