မြရာ/ဧရာ၀တီတိုင်းမ်
ဖေဖော်ဝါရီ ၂၃ ရက်
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ စစ်ကိုင်း-မုံရွာလမ်းရှိ အုန်းတောကျေးရွာအနီးတွင် စစ်ကောင်စီမှ ပြန်ကြားရေးဒု၀န်ကြီး လိုက်ပါလာသည့် ယာဉ်တန်း မိုင်းဆွဲ တိုက်ခိုက်ခံရ၍ သုံးပွင့်ဗိုလ်တစ်ဦးသေဆုံးပြီး ထိခိုက် ဒဏ်ရာရမှုများရှိခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၁ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်အချိန်ခန့်က စစ်ကောင်စီ၏ ပြန်ကြားရေးဒု၀န် ကြီးလိုက်ပါလာသည့် ယာဉ်တန်းကို နယ်မြေခံတော် လှန်ရေး ပူးပေါင်းအဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
“ကျွန်တော်တို့ ပြန်သိရသလောက်ကတော့ ပြန်၀န်ဒု၀န်ကြီး ရဲတင့်လိုက်ပါလာတဲ့ ယာဉ်တန်းအဆွဲခံရတာပါ။ သုံးပွင့်နဲ့ဗိုလ်တစ်ယောက်သေပြီးတော့ ထိခိုက်ဒဏ်ရာရသူ တွေရှိတယ်လို့ သိထားတယ်။ အဆွဲခံရတဲ့ ကားလည်း အတော်ပျက်စီးသွားတယ်”ဟု နယ်မြေခံ တော်လှန်ရေးတပ်ဖွဲ့၀င်တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီ၏ ပြန်ကြားရေး၀န်ကြီးဌာနမှ ဒု၀န်ကြီးဖြစ်သူ ဦးရဲတင့်သည် စစ်ကိုင်းမြို့၊ တိုင်းရင်း သားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်သို့သွားရောက်ပြီး ပါမောက္ခချုပ်နှင့် ဆရာ၊ ဆရာမ၊ ကျောင်းသူ၊ ကျောင်း သားများကို သွားရောက်တွေ့ဆုံပြီး အပြန်တွင် ယခုကဲ့ သို့ မိုင်းဆွဲတိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း သိရသည်။
မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် ဒု၀န်ကြီးပါယာဉ်တန်းမှ ကားနှစ်စီးထိခိုက်ပျက်စီး ခဲ့ပြီး စစ်ကောင်စီ တပ်မ (၃၃) မှ အိမ်စီးကားများဖြင့် အုန်းတောဘက်သို့ ထွက်လာကာ အောင်သာရွာသစ်၊ အုန်းတောစသည့် ကျေးရွာများကို ၀င်ရောက်ရှာဖွေမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
အဆိုပါဒု၀န်ကြီးလိုက်ပါသည့် ခရီးစဉ်လမ်းကြောင်း တိုက်ခိုက်ခံရမှုကြောင့် လမ်း ကြောင်း စီစဉ်သူအရာရှိများနှင့် လုံခြုံရေးယူရသည့် တပ်ဖွဲ့၀င်များကို စစ် ဆေးလျက်ရှိ ကြောင်း တပ်တွင်းသတင်းရင်းမြစ်ထံက သိရသည်။
ပုံစာ-မိုင်းဆွဲခံရစဉ်ထားခဲ့သည့်ကား
စစ်ကိုင်း #အုန်းတော #စစ်ကောင်စီ #ပြန်ကြားရေးဒု၀န်ကြီး #ဦးရဲတင့် #ယာဉ်တန်း #မိုင်းဆွဲတိုက်ခိုက်ခံရ #Ayeyarwaddy_Times