ကိုကိုမောင်/ဧရာဝတီတိုင်းမ်
(မအူပင်)၊ သြဂုတ်လ ၁ ရက်

ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ်အများစုတွင် လျှပ်စစ်မီး မကြာခဏ ပျက်တောက်မှုကြောင့် လျှပ်စစ်မီးကို မှီခိုကာလုပ်ကိုင်နေရသည့် အသေးစားလုပ်ငန်းအချို့ ရပ်နားထားရကြောင်း သတင်းရရှိသည်။

ဧရာဝတီတိုင်း ၂၆ မြို့နယ်အနက် အများစုမှာ နေ့စဥ် ၆ နာရီ ဝန်းကျင်သာ လျှပ်စစ်မီးရရှိနေတာကြောင့် လျှပ်စစ်မီးကို မှီခိုလုပ်ကိုင်နေရသည့် အသေးစားလုပ်ငန်းအချို့ ရပ်နားထားရခြင်းဖြစ်သည်ဟု လျှပ်စစ်ပစ္စည်းပြုပြင်၍ အသက်မွေးဝမ်းကြောင်းပြုနေသူတစ်ဦးက ဆိုသည်။

” မီးကတနေကုန်နေမှ ၆နာရီ ပြည့်အောင်မလာဘူး။ တနေကုန်မလာတဲ့ရက်တွေလည်းရှိတယ်။ မီတာခကြ တော့ တလပြည့်တာနဲ့ ရက်အစွန်းမခံဘူး။ ခုဆို မီးကမလာတချက်လာတချက်နဲ့ လျှပ်စစ်မီးကို အသုံးပြုပြီးစားဝတ်နေရေး လုပ်ကိုင်စားနေရတော့ အခက်တွေ့နေတာပေါ့။ ခုဆို လက်ခံထားတဲ့ TVတွေ ပေါင်းအိုးတွေ လျှပ်စစ်မီးပူတွေကို မီးမလာလို့မပြင်ရဘူးလေ အလုပ်ကမလုပ်ရတချက် လုပ်ရတချက်နဲ့ ထမင်းတောင်နပ်မမှန်တော့ဘူး” ဟု မအူပင်မြို့ခံ လျှပ်စစ်ပစ္စည်းပြုပြင်၍ အသက်မွေးဝမ်းကြောင်းပြုနေသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထို့အပြင် ပုသိမ်မြို့ခံ မိုဘိုင်းဖုန်းပြုပြင်သူအချို့ကလည်း နေ့စဥ် လျှပ်စစ်မီးပျက်တောက်နေမှုကြောင့် လျှပ်စစ်မီးရရှိသည့်အချိန်သာ အလုပ်လုပ်ကိုင်နေကြရပြီး မီးစက်အသုံးပြုရန်မှာလည်း လက်ရှိစက်သုံးဆီ စျေးတက်နေခြင်းကြောင့် အသုံးပြုနိုင်ခြင်းမရှိကြောင်း ပြောဆိုသည်။

” မီးကအားတိုင်းကို ပျက်နေတာ။ မီးလာတဲ့အချိန်ထလုပ်ရတယ်။ ညသန်းခေါင်မှလာရင် ထလုပ်ရ မနက် နှစ်ချက်တီး သုံးနာရီဆိုလည်း ထလုပ်ရနဲ့ အိပ်ချိန်တွေမမှန်တော့ဘူး။ လူတွေလည်း အိပ်ရေးမဝဘူးဖြစ်နေပြီ။ မီးစက်နဲ့ဆိုရင်လည်း ဆီစျေးတက်တော့ မကိုက်ဘူး” ဟု ပုသိမ်မြို့ခံ ပုသိမ်မြို့ခံ မိုဘိုင်းဖုန်းပြုပြင်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ဧရာဝတီတိုင်းတွင် လျှပ်စစ်မီးနေ့စဥ်ပျက်တောက်နေပြီး တခါတရံ တစ်နေ့လုံးလျှပ်စစ်မီးမလာသည့် ရက်များပင်ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။

အာဏာသိမ်းစစ်ကောင်စီကမူ လျှပ်စစ်ဓာတ်အားပြတ်တောက်မှုများဖြစ်ပေါ်နေရခြင်းမှာ PDF များ ဓာတ်အားလိုင်းများကို ဖောက်ခွဲတိုက်ခိုက်မှုများလုပ်ဆောင်နေခြင်းကြောင့်ဖြစ်သည်ဟု ဝါဒဖြန့်ထုတ်ပြန်ထားသည်။