ဧရာဝတီတိုင်းမ်
သြဂုတ်လ ၁ ရက်

ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့တွင် ယမန်နေ့ ဇူလိုင်လ ၃၁ ရက်နေ့ ညနေပိုင်းက စစ်ကောင်စီတပ်များပစ်ခတ်သည့် လက်နက်ကြီးထိမှန်ကာ ၁၃ နှစ်အရွယ် စစ်ဘေးရှောင်ကလေးငယ်တစ်ဦး သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

” ညနေကဆက်တိုက်ထုနေတာ။ ကျသံကြားတော့ စစ်ရှောင်စခန်းဘက်တွေမဖြစ်ပါစေနဲ့။ ပြည်သူတွေထပ်မထိပါစေနဲ့ ဆိုဆုတောင်းပေမဲ့လဲ ” ၁၃နှစ်ခလေးတစ်ယောက် လက်နက်ကြီးထိပြီးဆုံးတယ် ဆရာမရေ”ဆိုတာကြားရပြီး မကြာဘူး အဲ့က မိန်းခလေးတစ်ချို့ ကြောက်လွန်းလို့ ငိုသူငို နှလုံးရောဂါအခံရှိတဲ့ခလေးမလေးတစ်ယောက်လဲ အကြောက်လွန်ပြီး ဆေးခန်းကို ရောက်လာတယ်” ဟု ဒေသခံ ကျန်းမာရေးဝန်ထမ်းတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီဘက်က လက်နက်ကြီးဖြင့် အဆက်မပြတ်ပစ်ခတ်နေမှုများကြောင့် နှလုံရောဂါအခံရှိသည့် ကလေးငယ်တစ်ဦး အကြောက်လွန်၍ ဆေးကုသမှုခံယူခဲ့ရကြောင်း သိရသည်။

အလားတူ ဇူလိုင်လ ၂၅ ရက်နေ့ကလည်း ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးဗြဲမြို့တွင် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ပစ်ခတ်သည့် လက်နက်ကြီးထိမှန်ကာ စစ်ဘေးရှောင်ပြည်သူ ၂ ဦး သေဆုံးခဲ့ကြောင်း မိုးဗြဲ PDF က သတင်းထုတ်ပြန်ထားသည်။