ဧရာဝတီတိုင်းမ်
သြဂုတ်လ ၁ ရက်
ဇူလိုင်လအတွင်း ကရင်နီပြည်နယ်တွင် စစ်ကောင်စီတပ်နှင့် KA၊KNDF၊PDF ပူးပေါင်းအဖွဲ့များအကြား တိုက်ပွဲ ၄၈ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၈၈ ဦးသေဆုံးကာ ပြည်သူ ၂ ဦးနှင့် KNDF ရဲဘော်တစ်ဦး ကျဆုံးခဲ့ကြောင်း KNDF က ယနေ့ရက်စွဲဖြင့် သတင်းထုတ်ပြန်သည်။
ဇူလိုင်လ နောက်ဆုံးအပတ်အတွင်း စစ်ကောင်စီတပ်မှ ဖယ်ခုံမြို့နယ် မိုးဗြဲမှတဆင့် ဒီးမော့ဆိုမြို့နယ် နှင့်လွိုင်ကော်မြို့နယ်အတွင်းသို့ စစ်ယာဥ်တန်းများဖြင့် တပ်အင်အားဖြည့်တင်းခဲ့ပြီး ဒီးမော့ဆိုမြို့နယ် ဒေါပိုးစီကျေးရွာ၊ စံပြ (၆) မိုင်နှင့် ဟိုဖိတ်ကျေးရွာတို့တွင် စစ်ကြောင်းထိုးလျက်ရှိသဖြင့် ထိတွေ့တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလျက်ရှိပြီး ဖရူဆိုမြို့အနီး ထီးကလူဒေါကျေးရွာတို့တွင် စစ်ကောင်စီတပ်မှ တပ်အင်အားဖြည့်တင်းလျက်ရှိကြောင်း သိရသည်။
ဖရူဆိုမြို့နယ်အတွင်း ဇူလိုင်လ (၂၂) ရက်နေ့၌ ဖရူဆိုမြို့ပေါ်ရပ်ကွက်နှင့် ခရစ်ယာန်ဘုရားကျောင်းဝန်းအတွင်းတွင် တပ်စွဲထားသော စစ်ကောင်စီတပ်များကို ကရင်နီတပ်မတော် (KA)၊ KNDF B04, B05, B15, B18၊ loikaw PDF၊ Hpruso PDF, အလယ်ပိုင်းတိုင်းစစ်ဆင်ရေးအဖွဲ့တို့ ပူးပေါင်း၍ ပြောက်ကျားတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် ဖက် မှ (၄) ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ထို့အတူ ဇွန်လ (၂၉) ရက်နေ့တွင် ဖရူဆိုမြို့အတွင်းတပ်စွဲထားသော စစ်ကောင်စီတပ်များကို KNDF B04 နှင့် Hpruso PDF တို့မှ ရှောင်တခင် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖက်မှ (၂) ဦးသေဆုံးခဲ့ကြောင်း သိရသည်။
ထို့အတူ ဇူလိုင်လ (၃၀) ရက်နေ့ နံနက်ပိုင်းတွင် ဖရူဆိုမြို့နယ် အခြေစိုက် အမှတ် (၁၄) တန်းမြင့် စစ်လေ့ကျင့်ရေး ကျောင်း ခြံစည်းရိုးတွင် ကင်းချထားသော တပ်မ (၅၅) လက်အောက်ခံ ခလရ (၇) တပ်သားအချို့မှ မာခရော်ရှေ့ ကျေးရွာ အတွင်းသို့ ဝင်ရောက်လာသဖြင့် KNDF B15 နှင့် ကရင်နီတပ်မတော်(KA) တို့မှ ခြုံခိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား (၁)ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ထို့အတူ မွန်းလွဲ ၁ နာရီအချိန်တွင် ဖရူဆိုမြို့အခြေစိုက် ခမရ (၅၃၁) တပ်ရင်း ကင်းပုန်း စခန်းအား KNDF B05, B15 နှင့် DMO PDF တို့မှ ရှောင်တခင် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား (၂)ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ဖယ်ခုံမြို့နယ်အတွင်း ဇူလိုင်လ (၂၅) ရက်နေ့တွင် ဖယ်ခုံမြို့နယ်အရှေ့ဖက်ကမ်း ဆောင်နန်းခဲကျေးရွာတောင်ပေါ်ရှိ စစ်ကောင်စီတပ်၏ တပ်စခန်းအား KNDF B03၊ SSRY နှင့် ဖယ်ခုံ PDF တို့မှ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲ (၁) နာရီကြာ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်ဖက်မှ (၈) ဦးသေဆုံးခဲ့ကာ အများအပြားထိခိုက်ခဲ့ကြောင်း KNDF ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ဇွန်လ (၂၉) ရက်နေ့တွင်လည်း ဖယ်ခုံမြို့နယ် ပင်ပုံနှင့် လွယ်ဝှဲကျေးရွာအနီးရှိ စစ်ကောင်စီတပ်စခန်းအား KNDF B03, B11, SSRY နှင့် ကရင်နီ တပ်မတော် (KA) မှရှောင်တခင် တိုက်ခိုက်ခဲ့သဖြင့် စစ်ကောင်စီတပ်ဖက်မှ (၂) ဦးသေဆုံးခဲ့ကြောင်း သိရသည်။
ဘောလခဲမြို့နယ်တွင်လည်း ဇူလိုင်လ (၂၈) ရက်နေ့တွင် နန်းဖဲကျေးရွာအနီး မက်စလောင်းတောင်ပေါ်ရှိ စစ်ကောင်စီတပ်စခန်းအား KNDF B16 မှ ပြောက်ကျားတိုက်ခိုက်ခဲ့သဖြင့် စစ်ကောင်စီတပ်သား (၁) ဦးသေဆုံးခဲ့ကြောင်း KNDF က ရေးသားဖော်ပြထားသည်။
လွိုင်ကော်မြို့နယ်အတွင်း ဇူလိုင်လ (၂၉)ရက်နေ့တွင် လွိုင်ကော်မြို့အဝင် စစ်ကောင်စီ၏ ကယန်းသာယာစစ်ဆေးရေး ဂိတ်စခန်းအား KNDF B02 နှင့် B14 တို့မှ ဝင်ရောက်တိုက်ခိုက်ခဲ့သဖြင့် အကြမ်းဖက်စစ်ကောင်စီတပ်ဖက်မှ ထိခိုက်မှုများ ရှိခဲ့ကြောင်းသိရသည်။
ဇူလိုင်လ (၂၉) ရက်နေ့တွင် ဒီးမော့ဆိုမြို့နယ်၊ ဒေါခမီးကျေးရွာအနီး နှစ်ဖက်ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ပြီး အကြမ်း ဖက်စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် KNDF B01 မှ ရဲဘော်(၁)ဦး ကျဆုံးခဲ့ရပြီး ဇူလိုင်လ (၃၀) ရက် နေ့တွင် ဒီးမော့ဆိုမြို့နယ် ဟိုဖိတ်နှင့်ဒေါပိုးစီကျေးရွာများသို့ စစ်ကြောင်းနှစ်ကြောင်းဖြင့် ချီတက်လာသော စစ်ကောင်စီတပ်များနှင့် KNDF B09 တို့ ဟိုဖိတ်၊ ဒေါပိုးစီနှင့် ဒေါဘူးငံရယ်(၅)မိုင်ကျေးရွာတို့တွင် ထိတွေ့တိုက်ပွဲ (၃) ကြိမ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ထို့ပြင် ဇူလိုင်လ (၃၁) ရက်နေ့ နံနက်(၁၁း၀၀) နာရီခန့်တွင်လည်း စံပြ (၆) မိုင်ကျေးရွာအတွင်း နှစ်ဖက်ထိတွေ့ တိုက်ပွဲများ ထပ်မံဖြစ်ပွားခဲ့ပါသည်။ ဒီမော့ဆိုမြို့နယ် ၊အူးခူးရီကျေးရွာအနီးတွင် လုံခြုံရေးယူနေသော KNDF B05 နှင့်စစ်ကောင်စီတပ်တို့ ဇူလိုင် (၃၁) နံနက်ပိုင်းတွင် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပါသည်။ ထိတွေ့တိုက်ပွဲများ အတွင်း စစ်ကောင်စီတပ်ဘက်မှ ထိခိုက်မှုများရှိခဲ့ကြောင်း သိရသည်။
ဇူလိုင်လ တစ်လတာအတွင်း ကရင်နီပြည်တွင် တိုက်ပွဲ(၄၈) ကြိမ်ဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီတပ်ဖက်မှ (၈၈) ဦးသေဆုံးခဲ့ပြီး စစ်ကောင်စီတပ်မှ လေကြောင်းဖြင့်(၂၁) ကြိမ် တိုက်ခိုက်ခဲ့သည်ဟု KNDF က ရေးသားဖော်ပြထားသည်ါ
ဇူလိုင်လတိုက်ပွဲများအတွင်း ကရင်နီပူးပေါင်းတပ်များမှ လက်နက် (၂၁) လက်သိမ်းဆည်း ရမိ ခဲ့ပြီး စစ်ကောင်စီတပ်ဖက်မှ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူ (၂) ဦးသေဆုံးခဲ့ကာ စစ်ကြောင်း ထိုးစဥ် ပြည်သူနေအိမ် (၁) လုံးကို မီးရှို့ဖျက်စီးခံခဲ့ရကြောင်း သိရသည်။
ဒီးမော့ဆိုမြို့နယ်ဒေါခမီးတိုက်ပွဲအတွင်း စစ်ကောင်စီတပ်များကို ခုခံတိုက်ခိုက်ရင်း KNDF မှရဲဘော်တစ်ဦး ကျဆုံးခဲ့ရသည့် ရဲဘော်အား အာဇာနည်သူရဲကောင်းအဖြစ် သမိုင်းမှတ်တမ်းတင် အလေးပြုပါကြောင်း KNDF က ရေးသားထုတ်ပြန်ထားသည်။