မြရာ/ဧရာ၀တီတိုင်းမ်
ဖေဖော်ဝါရီ ၂၃ ရက်
စစ်ရေးပြင်းထန်နေသည့် ပဲခူးတိုင်းအနောက်ခြမ်းရှိ တပ်ရင်း၊ တပ်ဖွဲ့များထံသို့ စစ်အင် အားများပို့ဆောင် ဖြန့်ကျက်ထားရ၍ ပြည်ဒကစ-ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ပြည်) အနေဖြင့် ခုခံစစ်ပြင်ရန်ပင် အင်အားအလုံအလောက်မရှိဖြစ်နေကြောင်း သိရသည်။
ပဲခူးတိုင်းအတွင်း တိုက်ပွဲပြင်းထန်နေသည့် လက်ပံတန်း၊ ကြို့ပင်ကောက်၊ သာယာ၀တီ၊ အုတ်ဖို၊ မင်းလှ စသည့်နေရာများတွင် စစ်ကောင်စီက တပ်အင်အား ဖြန့်ကျက်ထား ရသဖြင့် ပြည်ဒကစတွင် အင်အားလုံလောက်မှု မရှိဖြစ်နေကြောင်း တပ်တွင်းသတင်းရင်း မြစ်ထံက သိရသည်။
ထို့အပြင် လတ်တလောစစ်ရေးပြင်းထန်နေသည့် ရခိုင်နှင့် ကရင်နီနယ်ဘက်သို့လည်း တပ်အင်အားများ ပို့ဆောင်ထားရပြီး ထိခိုက်သေဆုံးမှုများသည့်အတွက် ခုခံစစ် ပြင်ဆင်ရန်ပင် ခက်ခဲနေသည်ဟု ဆိုသည်။
“ပြည်ဒကစထဲက တပ်အင်အားတွေအကုန်လုံး ရှေ့တန်းနဲ့ ပဲခူးတိုင်းထဲမှာ ဖြန့်ထား ရတော့ ဒကစထဲမှာ လူ မရှိတော့ဘူး။ တိုက်ပွဲဖြစ်လာခဲ့ရင် ဒုတိယလောက်ကိုင်လိုပဲ လွယ်လွယ်လက်နက်ချသွားနိုင်တယ်။ အခုစစ်ရေးအရဆိုရင် ရခိုင်တောင်ပိုင်းပွဲစတာနဲ့ ပြည်ဘက်ကို ကပ်လာနေပြီ။ စစ်မတိုက်ဖူးတဲ့ ဒကစတိုင်ပတ်တာပေါ့” ဟု ပြည်ဒကစနှင့် နီးစပ်သည့် တပ်တွင်းသတင်းရင်းမြစ်က ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကလည်း ပဲခူးတိုင်း အနောက်ခြမ်း မင်းလှ ခါချဉ်တောင်တွင် တိုက်ပွဲပြင်း ထန်ခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့များက စစ်ကောင်စီ၏ စစ်ကူယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်နိုင်ခဲ့ရာ ရှောက်ပင်ချောင်း ထိတွေ့ပစ်ခတ်မှုအပါအ၀င် စစ်ကောင်စီ ဘက်မှ တပ်သား ၃၀ ကျော်သေဆုံးခဲ့ကြောင်း သိရသည်။
ထို့အပြင် သံတောင်ရှိ စစ်ကောင်စီ၏ တိုက်ခိုက်ရေး ကျောင်းအပြင်ရှိ လုံခြုံရေး စခန်းများကို ရုတ်သိမ်းလိုက်ပြီး ကျောင်းအတွင်းတွင်စုဖွဲ့၍ ခုခံစစ်ပြင်ဆင် နေကြောင်း သိရသည်။
“စစ်တပ်ရဲ့သဘောတရားက တစ်ယောက်က စဖို့ပဲလို တယ်။ အခုလောက်ကိုင် ဒကစ လက်နက်ချသွာပြီးပြီဆိုတော့ ကျန်တဲ့ဒကစ၊ စကခတွေလည်း အေးအေး လူလူ လက်နက်ချဖို့ အဆင်သင့်ဖြစ်နေတဲ့ပုံပဲ။ အင်အားလည်း အလုံ အလောက် မရှိဘူး၊ စုဖွဲ့မှုလည်း မကောင်းဘူး။ တပ်ရင်းဖွဲ့စည်းပုံကအစ ပျက်နေတာ။ စစ်တွေဒကစ ပြီးရင် ပြည်ဒကစပဲ”ဟု တပ်တွင်းသတင်းရင်းမြစ်က ပြောသည်။
စစ်ကောင်စီသည် လောက်ကိုင်ဒကစ လက်နက်ချအညံ့ခံပြီးနောက် ကျန်သည့် ပြည်နယ်နှင့်တိုင်းများရှိ ဒကစများလက်နက်အညံ့ခံမည်ကို အထူးစိုးရိမ်လျက်ရှိနေ သော်လည်း ဒကစများအတွင်း ခုခံစစ်ပြင်ရန် စစ်ကူ အလုံအလောက်မပို့ ပေးနိုင်ကြောင်း သိရသည်။
ယင်းသို့တပ်အင်အားလိုအပ်လျက်ရှိနေသည့် ပြည်မြို့ရှိ စစ်ကောင်စီတပ်၏ စစ်ဘက်ရေး ရာလုံခြုံရေးတပ်ဖွဲ့(စရဖ)အိမ်ရာတွင် ယနေ့ ဖေဖော်ဝါရီ ၂၃ ရက် နံနက် ၄ နာရီခန့်က ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံက သိရသည်။
“ ပြည်မြို့မှာ မနက် ၄ နာရီလောက်က ကညနရုံးအနောက်ဘက်မှာ ဗုံး သုံး လုံးနဲ့ နောက်တစ် နေရာမှာ တစ်လုံး စုစုပေါင်း ဗုံး လေး လုံးပေါက်ကွဲခဲ့ပါတယ်။ ထိုဗုံးပေါက် ကွဲမှုကြောင့် ပြည်မြို့တွင်းမှာ စစ်ဆေးမှုတွေ တင်းကျပ်နေမှာဖြစ်ပြီး ပြည်သူများ အထူးဂရုစိုက်ကြပါ” ဟု Pyay Underground News-PUGN က အသိပေးထားသည်။
#ပဲခူး #ပြည်ဒကစ #တပ်အင်အား #ခုခံစစ်မပြင်ဆင်နိုင် #Ayeyarwaddy_Times