ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂၃ရက်

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်ရှိ ပုဏ္ဏားကျွန်း မြို့မရဲစခန်းကို ယမန်နေ့က ရက္ခိုင့်တပ်တော် AAက တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း သိရသည်။

ယမန်နေ့ ဖေဖော်ဝါရီ ၂၂ရက်နေ့က ရန်ကုန် -စစ်တွေ လမ်းတွင်ရှိသည့် ပုဏ္ဏားကျွန်းမြို့မရဲစခန်းကို AAက တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး ပုဏ္ဏားကျွန်းမြို့နယ်အတွင်း စစ်စခန်းအဖြစ် တစ်ခုတည်းသာရှိသော စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း ခမရ ၅၅၀ ကို ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း သိရသည်။

ပုဏ္ဏားကျွန်းမြို့နယ်သည် မြို့တော်စစ်တွေနှင့် ခရီးမိုင် ၂၁မိုင်ခန့်သာ ကွာဝေးပြီး စစ်စခန်းအနေနှင့်ခမရ- ၅၅၀ တစ်ခုသာရှိပြီး ဘားအံအခြေစိုက် တပ်မ(၂၂) လက်အောက်ခံ ခမရ- ၂၀၅ မှတပ်များက ဧည့်သည်တပ်အနေဖြင့် အင်အားဖြည့်ထားရကာ အဆိုပါ ခမရ -၂၀၅သည် မင်းပြားတိုက်ပွဲအတွင်း အသေအပျောက်များပြီး တပ်အင်အားလျော့နည်းလျက်ရှိကြောင်း သိရသည်။

မြို့တော်စစ်တွေသို့ ဝင်ရောက်နိုင်ရန် ကျောက်တော်နှင့် ပုဏ္ဏားကျွန်းတို့သည် အနီးဆုံးမြို့နယ်များဖြစ်ပြီး AA က ပြီးခဲ့သည့် ဖေဖော်ဝါရီ ၈ရက်နေ့က ကျောက်တော်မြို့ကို အလုံးစုံ သိမ်းပိုက်ထားသည့်အတွက် စစ်ကောင်စီက AAကျောက်တော်မြို့ဘက်မှစစ်တွေသို့ ဝင်ရောက်ခြင်းမပြုနိုင်စေရန် ကျောက်တော်-စစ်တွေချိတ်ဆက်ထားသည့် ကစ္ဆပနဒီတံတားကို လေကြောင်းမှ ဗုံးကြဲ ဖျက်ဆီးခဲ့သည်။

ထို့အပြင် ပုဏ္ဏားကျွန်းဘက်ကိုလည်း ကာကွယ်သည့်အနေဖြင့် စစ်ကောင်စီက ပုဏ္ဏားကျွန်း-စစ်တွေဆက်သွယ်ထားသော မင်းချောင်းတံတားကို ဖေဖော်ဝါရီ ၉ရက်နေ့က မိုင်းခွဲဖျက်ဆီးခဲ့သည်။

လက်ရှိတွင် ရက္ခိုင့်တပ်တော် AAက ပုဏ္ဏားကျွန်းမြို့နယ်ရှိ ခမရ ၅၅၀တပ်ရင်းကို အပြင်းအထန်ထိုးစစ်ဆင်တိုက်ခိုက်နေပြီး အဆိုပါ တပ်ရင်းကိုသာရရှိပါက စစ်တွေမြို့သို့ဝင်ရောက်ရန် အနီးဆုံးလမ်းကြောင်းများ ပွင့်သွားပြီ ဖြစ်ကြောင်း သိရသည်။

#ပုဏ္ဏားကျွန်းမြို့ #စစ်ကောင်စီ #မြို့မရဲစခန်း #AA #တိုက်ခိုက်သိမ်းပိုက် #Ayeyarwaddy_Times