
နွေဦးမောင်/ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂၃ ရက်
မွန်ပြည်နယ်ရှိ တော်လှန်ရေးတပ်ဖွဲ့ဖြစ်သည့် ရေးဘီလူးစခန်းကို စစ်ကောင်စီက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း ဖေဖော်ဝါရီလ ဒုတိယအပတ်မှာ စစ်ကောင်စီ တယ်လီဂရမ်ချန်နယ်များတွင် လက်နက်ခဲယမ်းပုံများနှင့်တကွ ဖော်ပြခဲ့ပြီး ထိုသို့ဖော်ပြမှုများသည် သတင်းတု သတင်းလိမ်သာ ဖြစ်ကြောင်း ရေးဘီလူးစစ်ကြောင်းတာဝန်ခံထံက သိရသည်။
ရေးဘီလူးစစ်ကြောင်းသည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ကာကွယ်ရေးဝန်ကြီးဌာန (MOD) လက်အောက်ကနေ၍ တော်လှန်ရေး လုပ်ငန်းများ လုပ်ဆောင်နေခြင်းဖြစ်ပြီး စစ်ကောင်စီ၏ ဝါဒဖြန့်တယ်လီဂရမ်ချယ်နယ်များတွင် ဖော်ပြထားသည့် စခန်းမျိုး မရှိကြောင်း သိရသည်။
“သူတို့ပြောတဲ့စခန်းမျိုးလည်း ကျွန်တော်တို့ဆီမှာမရှိဘူး။ ကျွန်တော်တို့က စစ်ကြောင်းကြီးဖြစ်တဲ့အတွက်စစ်ကြောင်းပုံစံနဲ့ပဲ စစ်ဆင်ရေးတွေလုပ်တယ်။ စခန်းတစ်ခုကို ဝင်သိမ်းမယ်ဆိုရင်လည်း အချိန်ယူပြီးစနစ်တကျ တိုက်ခိုက်သိမ်းပိုက်တယ်။ ကျွန်တော်တို့မှာ လက်နက်သေးသေးဖွဲဖွဲလည်း မရှိဘူး။ သူတို့ပြထားတဲ့ ဝါတာစ(ပလက်စတစ်စ)တွေ ဘာတွေဆိုတာလည်းမသုံးဘူး။ ကျွန်တော်တို့သုံးတာ အနည်းဆုံး M-16 ၊ M-40 လောက်ပဲသုံးတာ။ သူတို့သုံးထားတဲ့ ပုံကအစ ကျွန်တော်တို့မသုံးဘူးဆိုတာ ကြည့်လိုက်တာနဲ့ ပြည်သူကသိမှာပါ” ဟု ရေးဘီလူးစစ်ကြောင်းတာဝန်ခံက ဧရာဝတီတိုင်းမ် ကိုပြောသည်။
စစ်ကောင်စီ ဝါဒဖြန့် သတင်းဌာနများနှင့် စစ်ကောင်စီကို ထောက်ခံသည့် ချန်နယ်များမှနေ၍ သတင်းတု သတင်းမှာများကို ဝါဒဖြန့်ရေးသားဖော်ပြနေပြီး မြေပြင်အခြေအနေများနှင့် လုံးဝကွဲပြားခြားနားနေကြောင်း တော်လှန်ရေးတပ်ဖွဲ့များထံက သိရသည်။
“ကျွန်တော်တို့ တပ်ရင်းအနေနဲ့တော့ သတင်းထုတ်ပြန်ပို့မရှိပါဘူး။ သူတို့သတင်းတု သတင်းလိမ်တွေကိုပြန်ချေပ ပိုလည်းအချိန်မရှိပါဘူး” ဟု ရေးဘီလူးတာဝန်ခံက ဆက်လက်ပြောကြားသည်။
ပုံစာ- ရေးဘီလူးစခန်းကို စစ်ကောင်စီက တိုက်ခိုက် သိမ်းပိုက်ခဲ့သည်ဟု စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင်ဖော်ပြထားပုံ
#ရေးဘီလူးစခန်း #စစ်ကောင်စီ #တိုက်ခိုက်သိမ်းပိုက် #သတင်းတုသတင်းလိမ်များ #ချေပရန် #အချိန်မရှိ #ရေးဘီလူးစစ်ကြောင်းတာဝန်ခံ #Ayeyarwaddy_Times