ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂၃ ရက်

စစ်မှုထမ်းဥပဒေအတည်ပြုပြီးနောက် ထိုင်းနိုင်ငံသို့ဝင်ရောက်ရန်ကြိုးစားသူများသဖြင့် ပြည်ဝင်ခွင့်လျှောက်လွှာကို နှစ်ဆတိုးလက်ခံနေရပြီး ဗီဇာလျှောက်ထားသူ ၇၀၀၀ (ခုနစ်ထောင်)ရှိကြောင်း ယနေ့ ဖေဖော်ဝါရီ ၂၃ ရက်နေ့ထုတ် ဘန်ကောက်ပို့စ် သတင်းတွင် ဖော်ပြထားသည်။

ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံရုံးသည် ဖေဖော်ဝါရီ ၂၀ ရက်နေ့မှစတင်ကာ အွန်လိုင်းမှ တဆင့်ဗီဇာလျှောက်ထားနိုင်ရန် စီစဉ်ခဲ့ပြီး တစ်ရက်လျှင် တိုကင် ၄၀၀ နှုန်းဖြင့် ဗီဇာရက် ချိန်းပေးမည်ဟု ကြေညာခဲ့သည်။

ထိုသို့ အွန်လိုင်းကတဆင့်ဗီဇာလျှောက်ထားရာတွင် လျှောက်ထားသူများပြားကာ မတ်လ ၁ ရက်နေ့အထိ ဗီဇာလျှောက်ခွင့်ရက်ချိန်းပြည့်နေပြီဖြစ်ပြီး လျှောက်လွှာတင်သူများ ဆက်လက်လျှောက်ထားနိုင်ကြောင်း ထိုင်းသံရုံးပြောခွင့်ရ ကန်ချနပါတာရာချုပ်က ပြောကြားခဲ့ကြောင်း ဘန်ကောက်ပို့စ်သတင်းစာတွင်ဖော်ပြထားသည်။

ထိုင်းနိုင်ငံသို့ ဗီဇာလျှောက်ထားသူတိုးလာခြင်းသည် စစ်ကောင်စီ၏ စစ်မှုထမ်း ဥပဒေနှင့် သက်ဆိုင်ခြင်းရှိ၊ မရှိကိုမူ ပြောကြားနိုင်မရှိသော်လည်း စစ်တပ်အာဏာသိမ်းပြီး နောက်ပိုင်းတွင် ထိုင်းနိုင်ငံသို့ထွက်ပြေးလာ‌သော မြန်မာနိုင်ငံသား အများအပြား ရှိကြောင်း ဆိုထားသည်။

မြန်မာနိုင်ငံသားများသည် ဗီဇာနှင့်ဝင်ရောက်ရန်ကြိုးစားနေသူများရှိနေသလို နေ့စဉ် မြန်မာရွှေ့ပြောင်းအလုပ်သမားများ ၇၀၀ မှ ၈၀၀ ကြားသည်လည်း တရားမဝင် ဝင်ရောက်ရန် ကြိုးစားမှုများရှိနေသဖြင့် ထိုင်းအစိုးရအနေဖြင့် ပထမ ၆ လအတွင်းတွင် အလုပ်သမားရေး အစီအစဉ်များချမှတ်ရန်လိုအပ်ကြောင်း FAIR ပါတီမှ Kannavee Suebsang က ပြောကြားကြောင်း ဘန်ကောက်ပို့စ်သတင်းဌာနတွင်ဖော်ပြထားသည်။

စစ်ကောင်စီက အတည်ပြုပြဌာန်းထားသည့် ပြည်သူ့စစ်မှုထမ်းဥပဒေတွင် အသက် ၁၈ နှစ်မှ ၃၅ နှစ်ကြားရှိ အမျိုးသားများနှင့် အသက် ၁၈ နှစ်မှ ၂၇ ကြား အမျိုးသမီးများ အနည်း သက်တမ်း ၂ နှစ် စစ်မှုထမ်းခိုင်းနိုင်ကြောင်း ပါဝင်သည်။

စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်း ဥပဒေကို ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင် အတည်ပြု၍ ဧပြီလကုန်ပိုင်းတွင် စတင် အကောင်အထည်ဖော်မည်ဖြစ်ပြီး အမှတ်စဉ် (၁) တွင် လူဦးရေ ၅၀၀၀ (ငါးထောင်) ရှိမည်ဖြစ်ကြောင်း စစ်ကောင်စီ၏ သတင်းထုတ် ပြန်ရေးခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ပြီးခဲ့သည့်၂၀၁၅ ခုနစ်ကတည်းက စတင်၍ ထိုင်းနိုင်ငံသို့ ဗီဇာမလိုဘဲ ၁၄ ရက်နေထိုင်၊ လည်ပတ်ခွင့်သွားရောက်နိုင်သော်လည်း စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေပြဌာန်း ပြီးနောက် ကာလရှည် နေထိုင်လိုသည့်အတွက် ဗီဇာလျှောက်ထားမှု များပြားလာခြင်း ဖြစ်သည်။

ဓာတ်ပုံ – Thai Embassy

#ထိုင်းသံရုံးဗီဇာ #Thai #visa #အွန်လိုင်းစနစ် #လျှောက်သူ၇၀၀၀ #Ayeyarwaddy_Times