မြရာ/ဧရာ၀တီတိုင်းမ်
ဖေဖော်ဝါရီ ၂၃ ရက်

“၁၀၂၇ စစ်ဆင်ရေး” တွင် တအာင်းတပ်မတော်(TNLA)က ထိန်းသိမ်းရရှိခဲ့သည့် မြို့ ခုနစ် မြို့အပါအ၀င် TNLA အခြေ စိုက်ထားသည့် နယ်မြေဒေသများတွင် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုဘ၀ဖွံ့ဖြိုးရေးကိစ္စများ ပိုပြီး တိုးတက်ကောင်းမွန်လာစေရန် ဦးဆောင်စီမံအုပ်ချုပ်သွားမည်ဖြစ်ပြီး လူထုအုပ်ချုပ်ရေး အစိုးရပေါ်ပေါက်လာရန်ကြိုးပမ်း သွားမည်ဟု PSLF/TNLA က ထုတ်ပြန်ထားသည်။

လာမည့်နှစ် ၂၀၂၅ ခုနှစ်တွင် တ‌အာင်းဒေသအတွင်း လူထုဆန္ဒအခြေခံသည့် လူထု အုပ်ချုပ်မှုအစိုးရပေါ် ပေါက်လာရန် ကြိုးပမ်းဆောင်ရွက်သွားမည်ဟုဆို သည်။

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး/တအာင်း တပ်မတော် (PSLF/TNLA) စစ်ဌာနချုပ်၌ ဖေဖော်ဝါရီ ၁၇ ရက်မှ ၂၁ ရက်နေ့အထိပြုလုပ်ခဲ့သည့် နှစ်ပတ်လည် အစည်းအဝေးတွင် ထိုသို့ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

PSLF/TNLA ၏ နှစ်ပတ်လည် အစည်းအဝေးတွင် မြောက်ပိုင်းညီနောင်မဟာမိတ် သုံးဖွဲ့တို့သည် အခြေအနေ ဖိအားပေါင်းစုံကြောင့် ရှမ်းမြောက်တွင် အပစ်အခတ် ရပ်စဲခဲ့ရသော်လည်း ဒေသတွင်းပြည်သူများစစ်ပွဲ၏ နောက်ဆက်တွဲဆိုးကျိုးကို ခံစားနေရသည်။

မြန်မာပြည်အနှံ့တွင်လည်း တိုက်ပွဲများ ဖြစ်ပွားနေခြင်းကြောင့် အခုအချိန်သည် အာဏာရှင် စနစ်ဆိုးကနေလွတ်မြောက်ပြီး ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတည်ဆောက်ရန် အားလုံးစုပေါင်းရုန်းကန်ရမည့် အချိန်အခါဖြစ်သည်ဟု ရှုမြင်သုံးသပ်ကြောင်း ထုတ် ပြန်ထားသည်။

ထို့အပြင် တအာင်းဒေသအတွင်း၌ အခြားလူမျိုးအဖွဲ့ အစည်းများက အတင်း အဓမ္မစစ်သားစုဆောင်းခြင်း၊ အခွန်ကောက်ခံခြင်း၊ မိမိတို့၏လူထုစီမံအုပ်ချုပ်ရေး လုပ်ငန်းများကို ၀င်ရောက်စွက်ဖက်နှောင့်ယှက်ခြင်း မပြုနိုင်ရန် တအာင်းဒေသရှိ လူမျိုးပေါင်းစုံ ပြည်သူများ နှင့်အတူလက်တွဲပြီး ပြည်သူများ၏ နိုင်ငံရေး ရည်မှန်းချက်ပန်းတိုင် အောင်မြင်ရန်ဦးဆောင်သွား မည်ဟုလည်း TNLA ကဆိုသည်။

အဆိုပါ ပလောင်ပြည်နယ်လွတ် မြောက်ရေးတပ်ဦး PSLF/TNLA အစည်းအဝေးသို့ ဗဟိုကော်မတီ ၀င်များ၊ အရံဗဟိုကော်မတီ၀င်များ၊ တပ်မှူးများ၊ လုပ်ငန်းဌာနမှူးများ၊ အရာရှိအရာခံများနှင့် ပြည်သူစုစု ပေါင်း ၁၈၅ ဦးတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးတွင် လက်ရှိမြန်မာနိုင်ငံ၏အခြေအနေ၊ ၁၀၂၇ စစ်ဆင်ရေး၊ အဖွဲ့အစည်း၏ တစ်နှစ်တာလုပ်ငန်းများ ကို ပြန်လည်သုံးသပ် ဆွေးနွေးခြင်းများကို ပြုလုပ်ခဲ့ကြသည်ဟု သိရသည်။

ပုံစာ- သိမ်းဆည်းရရှိထားသည့် မြို့နယ်များတွင် အုပ်ချုပ်မှုများလည်ပတ်နိုင်ရန် ခေါင်းဆောင်ပိုင်း များမှ သွားရောက်သည့်ပုံ (TNLA)

#တအာင်းပြည်နယ်#PSLFTNLA #အစည်းအဝေး# ထုတ်ပြန်ချက် #Ayeyarwaddy_Times