
မြရာ/ဧရာ၀တီတိုင်းမ်
ဖေဖော်ဝါရီ ၂၃ ရက်
ကချင်ပြည်နယ်၊ မံစီမြို့နယ်ရှိ စီခမ်းကြီးစခန်းသိမ်း တိုက်ပွဲအပြီးတွင် ကချင်လွတ် လပ်ရေးတပ်မတော် (KIA) က နယ်မြေရှင်းလင်းရေးလုပ်ဆောင်ရာ၌ စစ်ကောင်စီ တပ်ဖွဲ့ဝင် များ၏အလောင်း ၇၀ ကျော်တွေ့ရှိခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၉ ရက်နေ့က စီခမ်းကြီးစခန်း ကို (ကချင်လွတ်လပ်ရေး တပ်မတော်) KIA၊ ကချင်ပြည်သူ့ကာကွယ်ရေးတပ်မတော် (KPDF) နှင့် ရက္ခိုင့်တပ်တော် (AA) ပူးပေါင်းအဖွဲ့က ၀င်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် နယ်မြေရှင်းလင်းရေး လုပ်ဆောင်ရာတွင် စစ်ကောင်စီ၏ အလောင်း ၇၀ ကျော်တွေ့ရှိခဲ့ကြောင်း မြေပြင်ရှိ စစ်ရေးသတင်းရင်းမြစ်ထံက သိရ သည်။
“အလောင်းတွေက စခန်းကုန်းထဲတင်မဟုတ်ဘူး။ အပြင်ဘက်တွေမှာပါ ပြန့်ကြဲနေတာ။ အခုရှာတွေ့ ထားသလောက် ၇၀ ကျော်နေပြီ။ လက်နက်တွေလည်း အတော်များများရတယ်။ ဒါတောင် တစ်၀က်ကျော်က သူတို့ဗုံးနဲ့လာကြဲသွားလို့ ပျက်စီး သွားတယ်” ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ဧရာ၀တီတိုင်းမ်ကို ပြောသည်။
စခန်းသိမ်းတိုက်ပွဲတွင် KIA နှင့်ပူးပေါင်းအဖွဲ့၏ လိုက်လံတိုက်ခိုက်မှုကြောင့် စစ်ကောင်စီ တပ်သားများသည် နန့်လင်းပါတောင်ဘက်သို့ ထွက်ပြေးသွားကြရာ ထိုသို့ ထွက်ပြေး သွားသူများအနက် သွေးထွက်လွန်သေဆုံးခဲ့သူများကို စစ်ကောင်စီတပ်က လမ်းတွင် စွန့်ပစ်ထားခဲ့ပြီး စစ်ကောင်စီက လေကြောင်းမှဗုံးကြဲရာတွင်လည်း ၎င်းတို့တပ်ဖွဲ့ဝင်များ အပေါ်ကျကာ ဗိုလ်မှူးပြည့်ဖြိုးလင်းအပါအ၀င် ၃၀ ကျော်သေဆုံးခဲ့ကြောင်း သိရသည်။
အဆိုပါစီခမ်းကြီးဗျူဟာကုန်းတွင် အထိုင်တပ်မှ စစ်ကောင်စီတပ်သားများအပြင် မန့်ဝိန်းကြီးစခန်းမှ ထွက်ပြေးတိမ်းရှောင်လာသူများနှင့် ရှမ်းမြောက် မိုးမိတ်တပ်မှ ထွက်ပြေးလာသည့် တပ်ဖွဲ့၀င် များပါ စုဆောင်းထားသည့် အင်အား ၂၀၀ ကျော်ရှိသည့် တပ်စခန်းတစ်ခုဖြစ်ကြောင်း သိရသည်။
ယင်းဗျူဟာကုန်းကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက် စစ်ကောင်စီက စခန်းနှင့် လက်နက်တိုက်ကိုပါ လာ ရောက်ဗုံးကြဲခဲ့သည့်အတွက် လက်နက်တိုက်အတွင်း ရှိ လက်နက်ခဲယမ်းထက်၀က်ကျော် ပျက်စီးခဲ့ပြီး ကျန်သည့်လက်နက်အချို့ကိုသာ သိမ်းဆည်းရရှိခဲ့သည်ဟု စစ်ရေးသတင်းရင်းမြစ်က ဆိုသည်။
စစ်ကောင်စီက စခန်းကျပြီးနောက် တိုက်လေယာဉ်မျိုးစုံဖြင့် အကြိမ်ပေါင်း ၈၀ ထက်မနည်း ဗုံးသီးပေါင်းရာချီ ကြဲချတိုက်ခိုက်ခဲ့ပြီး ၎င်းတို့တပ်သားများကိုပါ မှားယွင်း ပစ်ခတ်မှုများလည်း ရှိကြောင်း သိရသည်။
တိုက်ပွဲအတွင်း၌ စစ်ကောင်စီဘက်မှ ၇၀ ကျော်ပြန့်ကြဲသေဆုံးခဲ့ပြီး တော်လှန်ရေး တပ်ဖွဲ့ဘက်မှလည်း KPDF တပ်ဖွဲ့၀င် ရှစ်ဦးသေဆုံးပြီး AA မှ တပ်ခွဲမှူးတစ်ဦးအပါအ၀င် စုစုပေါင်း ကိုး ဦးသေဆုံးခဲ့ကြောင်း သိရသည်။
KIA သည် ယခုလအတွင်းတွင် စစ်ကောင်စီ၏ နန့်တိန်း၊ ဝှေခါ၊ မန့်ဝိန်း ကြီး၊ စီခမ်းကြီးစခန်းတို့နှင့် ဆင်ဘိုမြို့များကို တိုက် ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။
ပုံစာ-စစ်ကောင်စီ၏ စီခမ်းကြီးစခန်းမှ တော်လှန် ရေးတပ်ဖွဲ့များ သိမ်းဆည်းရရှိခဲ့သည့် လက်နက်များ
#ကချင် #မံစီ #စီခမ်းကြီးတိုက်ပွဲ #စစ်ကောင်စီ #အလောင်း၇၀ကျော် #လက်နက်များရရှိ #KIA #KPDF #AA #Ayeyarwaddy_Times