
ဧရာဝတီတိုင်းမ်
(နတ်သံကွင်း)၊ ဖေဖော်ဝါရီ ၂၃ ရက်
ပဲခူးတိုင်း၊ စစ်တောင်းမြစ်ဝှမ်းဒေသရှိ နတ်သံကွင်းမြို့ နှင့် ဇရပ်ကြီးမြို့ များတွင် ယနေ့ ဖေဖော်ဝါရီ ၂၃ ရက်နေ့၊ နေ့လယ် ၂ နာရီဝန်းကျင်က စတင်ကာ မီးလောင်ကျွမ်းမှုများဖြစ်ပွားနေကြောင်း ဒေသခံများထံက သိရသည်။
စစ်ကောင်စီတပ်များသည် ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းမြို့အတွင်း တပ်စွဲထားကာ နတ်သံကွင်းမြို့ကို နေ့စဉ်နီးပါး မီးရှို့ဖျက်ဆီးနေပြီး အဓိကအားဖြင့် မြို့စွန်ဒေသများနှင့် အချက်အခြာကျသည့် နေအိမ်များ၊ အကာအကွယ်ယူရန် အဆင်ပြေသည့် နေရာများရှိ နေအိမ်များကိုဖျက်ဆီးနေခြင်း ဖြစ်ကြောင်း သိရသည်။
“နတ်သံကွင်းကို နေ့တိုင်းပဲမီးရှို့နေတာ။ အထဲမှာစိတ်ကြိုက်သောင်းကျန်းနေတယ်။ စစ်တပ်ပဲရှိတယ်။ မီးလောင်တာကများတယ်။ ခုချိန်ထိ မီးခိုးထွက်နေတုန်းပဲ။ အရင်နေ့ကဆို နာရီဝက်လောက်ပဲ မီးခိုးထွက်တာ။ အဓိကတော့ မြို့စွန်နဲ့အချက်ခြာကျတဲ့ အိမ်တွေ ကာဗာကောင်းတဲ့နေရာတွေ အပြောင်ဖျက်ဆီးနေတာပါ။ စနိုက်ပါချောင်းပစ်နိုင်တဲ့အိမ်တို့ အလစ်ငိုက်ဝင်နေပြီးတိုက်လို့ရတဲ့ စစ်ရေးအရ အချက်ခြာကျတဲ့ လူနေအိမ်တွေကို ရှင်းလင်းဖျက်ဆီးနေတာပါ” ဟု မြေပြင်တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထို့ပြင် ယနေ့နေ့လယ်ပိုင်းတွင်လည်း ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးမြို့တွင် မီးလောင်မှုကြောင့် ဈေး ဆိုင်ခန်း ၅၀ ကျော်နှင့် နေအိမ်တစ်ချို့မီးလောင်ကျွမ်းခဲ့ကြောင်း သိရပြီး မီးလောင်ကျွမ်းရသည့်အကြောင်းရင်းကိုမူ သိရခြင်းမရှိသေးပေ။
စစ်ကောင်စီသည် နှစ်ဖက်စစ်ရေးတင်းမာေနသည့်စစ်တောင်းမြစ်ဝှမ်းဒေသကို အလုံးစုံပျက်စီးရေးကို ဦးတည်ကာ မီးရှို့ဖျက်ဆီးခြင်းများပြုလုပ်နေခြင်း ဖြစ်သည်။
ထို့ပြင် နတ်သံကွင်းမြို့ကိုလည်း မီးရှို့ဖျက်ဆီးမှုများကို နေ့စဉ်နီးပါး ပြုလုပ်နေကာ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၈ ရက်နေ့ကလည်း နတ်သံကွင်းရဲစခန်းအနီးရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း KNU ထုတ်ပြန်ချက်အရ သိရသည်။
ဓာတ်ပုံ – လူမှုကွန်ရက်
ပုံစာ – နတ်သံကွင်းမြို့ရှိနေအိမ်တချို့ မီးလောင်နေပုံ(ပုံဟောင်း)
#နတ်သံကွင်း #ဇရပ်ကြီး #မီးလောင် #စစ်တပ်မီးရှို့ #နေ့စဉ်ဖျက်ဆီး #Ayeyarwaddy_Times