ဧရာဝတီတိုင်းမ်
(ကရင်နီ)၊ ဖေဖော်ဝါရီ ၂၂ ရက်

ကရင်နီပြည်နယ်ရှိ ဒီးမော့ဆို-မော်ချီး-မယ်စဲ့ IEC ယာဉ်လိုင်း စတင်ပြေဆွဲနေပြီး အဆိုပါယာဉ်လိုင်းကို ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC) လက်အောက် ခံကူးသန်းရောင်းဝယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ပို့ဆောင်ဆက်သွယ်ရေးဌာနက ယာဉ်လိုင်း ပြေးဆွဲပေးခြင်း ဖြစ်ကြောင်း သိရသည်။

IEC က ထိုကဲ့သို့ ယာဉ်လိုင်းပြေးဆွဲပေးနေသော်လည်း ကရင်နီပြည်နယ်တွင် နှစ်ဖက် တိုက်ပွဲများ ဖြစ်ပွားနေ၍ အခက်အခဲများနှင့် စိန်ခေါ်မှုများရှိနေသည်။

သို့သော်လည်း တော်လှန်ရေး အတွက် အထောက်အပံ့လကောင်းတစ်ခုဖြစ်လာစေရန်နှင့် ပြည်သူများအတွက် အခက်လအခဲများကို အတိုင်းတာတစ်ခုအထိ ပြေလည်သွားစေရန် ရည်ရွယ်၍ ပြေးဆွဲပေးခြင်းဖြစ်ကြောင်း IEC ၏ ကုန်သွယ်ရေး ရင်းနှီးမြှုပ်နှံမှုနှင့် ပို့ဆောင် ဆက်သွယ်ရေးဌာန ဌာနမှူးကြီး ဦးအယ်လ်ဖောင်းရှိုထံက သိရသည်။

“အဓိကကတော့ တော်လှန်ရေးအတွက် အထောက်အပံ့ကောင်း တစ်ခုဖြစ်ဖို့ရယ်၊ ပြည်နယ်အတွက်လုပ်နိုင်တာတွေ တစ်ဆင့်ချင်းဆက်လုပ်သွားဖို့ရှိပါမယ်ဗျ။ ယာဉ်လိုင်း စတင်ပြေးဆွဲခြင်းနဲ့ ပတ်သက်ပြီး ပြောရမယ်ဆိုရင် ခုလိုစစ်မီးကာလမျိုးမှာ မဖြစ်မနေ လုပ်သင့်တဲ့အရာတွေနဲ့ လုပ်ဆောင်ရမယ့် အရာများအတွက် ပြည်သူများနဲ့ ဌာန တာဝန်ရှိသူများက စီမံဖော်ဆောင်အသုံးပြုကြတာပါ။ ယာဉ်လိုင်းပြေးဆွဲရာမှာ စစ်မီး ကာလမို့ အခက်အခဲနဲ့စိန်ခေါ်မှုများကတော့ ရှိမှာပါပဲ။ လုပ်သင့်တာတွေ လုပ်ထားပြီး လုပ်နိုင်တာတွေဆက်လုပ်သွားဖို့ စီစဉ်လျက်ရှိပါတယ်ဗျ” ဟု ဌာနမှူးကြီး ဦးအယ်လ်ဖောင်းရှိုက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ယခုအခါတွင် ကရင်နီပြည်နယ် ကူးသန်း‌ရောင်ဝယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ပို့ဆောင် ဆက်သွယ်ရေးဌာန၏ ဌာနစိတ်တစ်ခုအနေဖြင့် ယာဉ်လိုင်းပြေးဆွဲခြင်းကို စတင် လုပ်ဆောင်နေပြီး လုပ်ဆောင်နိုင်သည့်အရာများကို ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။

IEC ကူးသန်းရောင်းဝယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ပို့ဆောင်ဆက်သွယ်ရေးဌာနကို ဌာနမှူးကြီး တစ်ဦး၊ ဒု-ဌာနမှူးကြီး လေး ဦး နှင့်အတူ ညွှန်ကြားရေးမှူး၊ ဒု ညွှန်ကြားရေးမှူး စသည်ဖြင့် အဆင့်ဆင့်ဖွဲ့စည်းထားပြီး ရှေ့လုပ်ငန်းစဉ် ရည်မှန်းချက်များဖြစ်သည့် ကုန်သွယ်ရေး၊ ရင်းနှီးမြုပ်နှံမှု၊ ပို့ဆောင်ဆက်သွယ်ရေး ဌာနခွဲများ၏ ဗျူဟာ၊ မဟာဗျူဟာ၊ ဉပဒေ လုပ်ထုံးလုပ်နည်းများကို ရေးဆွဲချမှတ်ပြီးဆက်လက် အကောင်ထည်‌ဖော်ဆောင်လျက်ရှိ ကြောင်းလည်း သိရသည်။

“ထမ်းဆောင်ခဲ့ဖူးတဲ့ တာဝန်အတွေ့အကြုံတွေ အပေါ်အခြေခံပြီး ပြောရမယ်ဆိုရင် ကျွန်တော်တို့ အခုနေကာလမှာစနစ်ဆိုးကို စုပေါင်းပြီးတိုက်ထုတ်နေကြတာပါ။ ခုကျွန်တော်တို့ ကရင်နီပြည်မှာလဲ စုပေါင်းခေါင်းဆောင်မှုနဲ့ အစိုးရတရပ်ကို ဖော်ဆောင်ဖို့ လုပ်နေပါပြီ။ ကရင်နီပြည်ရဲ့ကြားကာလအစီအမံ အပေါ်မူတည်ပြီး အခု လက်ရှိ IEC အနေနဲ့ ဖော်ဆောင်နေတဲ့ အုပ်ချုပ်ရေးလုပ်ငန်းတွေအပေါ် ကျွန်တော်တို့ စုစည်း ညီညွတ်စွာ နိုင်ရာ ကဏ္ဍကနေပါဝင်ဖော်ဆောင်ဖို့ကအဓိကပါ။ ဒါကြောင့်စုပေါင်း ခေါင်းဆောင်မှု မူများနဲ့ ကျွန်တော်တို့ပြည်သူတွေရဲ့အကျိုး၊ ပြည်နယ်ရဲ့အကျိုး၊ ပြည်ထောင်စုရဲ့အကျိုးကို ရှေ့ရှုပြီးအကောင်းဆုံးဖြစ်အောင် ဆက်လက်ကြိုးပမ်း ဖော်ဆောင် သွား ကြပါစို့လို့ ပြောချင်ပါတယ်ဗျာ” ဟု ဦးအယ်လ်ဖောင်းရှိုက ဆက်လက် ပြောကြားသည်။

IEC ၏ ကုန်သွယ်ရေး ရင်းနှီးမြှုပ်နှံမှုနှင့် ပို့ဆောင် ဆက်သွယ်ရေးဌာန ဌာနမှူးကြီး ဦးအယ်လ်ဖောင်းရှိုသည် ၂၀၁၆ခုနှစ်မှ ၂၀၂၀ပြည့်နှစ်အထိ ကယားပြည်နယ် (ယခုကရင်နီပြည်နယ်) ၏ ဝန်ကြီးချုပ်အဖြစ် လုပ်ကိုင်ခဲ့သူဖြစ်သည်။ ၂၀၂၀ပြည့်နှစ် စက်တင်ဘာလတွင် ကယားပြည်နယ် လွှတ်တော်တွင် စွပ်စွဲပြစ်တင်ခံခဲ့ရပြီးနောက် တာဝန်မှ ရပ်စဲခံခဲ့ရကာ အာဏာသိမ်း စစ်တပ်က ၂၀၂၁ခုနှစ် ဖေဖော်ဝါရီတွင် ဖမ်းဆီးခံခဲ့ပြီးနောက် ပြန်လည် လွတ်မြောက်လာခဲ့သူဖြစ်သည်။

ကရင်နီပြည်နယ်တွင် ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC)သည် ပြည်နယ်အစိုးရ တစ်ရပ် အနေဖြင့် ပြည်နယ်ရေးရာဌာန ၁၂ ခုထားရှိရန်ရည်ရွယ်ထားပြီး ယခုအခါ ကုန်သွယ်‌ရေး ၊ ရင်းနှီးမြှုပ်နှံမှုနှင့် ပို့ဆောင်ဆက်သွယ်ရေးဌာန၊တရားစီရင်ရေးဌာန၊ ပြည်ထဲရေးဌာန၊ ကျန်းမာရေးဌာန၊ ပညာရေးဌာန၊ လူသားချင်းစာနာထောက်ထားမှုနှင့် ပြန်လည်ထူထောင်ရေးဌာန၊ အခွန်ဘဏ္ဍာစီမံဌာန၊ အမျိုးသမီးနှင့် ကလေးရေးရာဌာန ဟူ၍ ဌာန ရှစ်ခုကို ဖွဲ့စည်းထားပြီဖြစ်ကြောင်းလည်း သိရသည်။

ပုံစာ- ယခင် ကယားပြည်နယ်ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့စဉ်က မယ်စဲ့မြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအား ကြည့်ရှုစစ်ဆေးနေသည့် ဦးအယ်လ်ဖောင်းရှိုအား တွေ့ရစဉ် (၂၀၂၀ ခုနှစ် ဖေဖော်ဝါရီ)

#ကရင်နီ #IECယာဉ်လိုင်း #စတင်ပြေးဆွဲ #IEC #Ayeyarwaddy_Times