
ဧရာဝတီတိုင်းမ်
(မတူပီ)၊ ဖေဖော်ဝါရီ ၂၄ ရက်
ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ မရာဒေသတွင် ချင်းကာကွယ်ရေးတပ်ဖွဲ့(မရာ)နှင့် မရာကာကွယ်ရေး တပ်ဖွဲ့(MDF)တို့အကြား ပြီးခဲ့သည့် ဇန်နဝါရီလ ၂၄ ရက်နေ့မှ စတင်၍ မရာအချင်းချင်းကြားတွင် တိုက်ပွဲဖြစ်ပွားခဲ့ကာ နှစ်ဖက်တိုက်ပွဲဖြစ်ပွားမှု ကျယ်ပြန့်လာ၍ နှစ်ဖက်ထိခိုက်သေဆုံးမှုများရှိ ကြောင်းသိရသည်။
အလားတူပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၇ ရက်၊ ညနေ ၂ နာရီခန့်က မတူပီ-ပလက်ဝအကြား၊ ပိုက်တေကျေးရွာတွင် ချင်းအမျိုးသားတပ်မတော်(CNA)နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့(မရာ)စစ်ကြောင်းကို မရာကာကွယ်ရေးတပ်ဖွဲ့က ခြုံခိုတိုက်ခိုက်မှုကြောင့် တစ်နာရီခန့် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပြီး ချင်းအမျိုးသားတပ်မတော်ဘက်မှ တပ်ဖွဲ့ဝင်တစ်ဦးကျဆုံးခဲ့ကြောင်းသိရသည်။
“မရာကာကွယ်ရေးတပ်ဖွဲ့က ခြုံခိုပြီးမှ အရင်လာတိုက်တယ်။ ချင်းအမျိုးသားတပ်မတော်ဘက်က တစ်ယောက်ကျတယ်။ လေးယောက်ဒဏ်ရာရတယ်။ ဒဏ်ရာရတာကလည်း မစိုးရိမ်ရဒဏ်ရာပေါ့နော်။ မြေပြင်သတင်းအရဆိုရင် မရာကာကွယ်ရေးတပ်ဖွဲ့ဘက်က ရှစ်ယောက်ကျတယ်လို့ ကြားတယ်။ နောက်ပြီးတော့ ၁၃ ယောက်ဒဏ်ရာရရှိတယ်လို့ ပြောတယ်”ဟု မရာကောင်စီတာဝန်ခံက ဧရာဝတိုင်းမ်ကို ပြောကြားသည်။
အဆိုပါတိုက်ပွဲတွင် ချင်းအမျိုးသားတပ်မတော်နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့(မရာ)ဘက်မှ လေး ဦး ကျဆုံးကြောင်း မရာကာကွယ်ရေးတပ်ဖွဲ့(MDF) အဖွဲ့ဝင်တစ်ဦးက ပြောကြားထားသော်လည်း ချင်းကာကွယ်ရေးတပ်ဖွဲ့ (မရာ)ဘက်က ငြင်းဆိုထားသည်။
မရာအချင်းချင်းတိုက်ပွဲဖြစ်ပွားမှုနှင့် ပတ်သက်၍ နှစ်ဖက်ညှိနှိုင်းမှုပြုလုပ်ရန် အရပ်ဘက်လူမှုအဖွဲ့အစည်းများက ကြိုးစားသော်လည်း လက်ရှိအချိန်ထိ ပြေလည်မှုမရှိသလို မတူပီမြို့နယ်မှ ပလက်ဝမြို့အထိ တိုက်ပွဲ ကျယ်ပြန့်လာခဲ့သည်။
“ချင်းကာကွယ်ရေးတပ်ဖွဲ့(မရာ)က မရာလူထုကို ကိုယ်စားပြုတယ်။ နောက်ပြီးတော့ ချင်းလဲန်းကောင်စီ မှာ ပါဝင်တယ်။ ယခင် CJDC မှာလည်း အဖွဲ့ဝင်ဖြစ်တယ်ပေါ့နော်။ မရာကာကွယ်ရေးတပ်ဖွဲ့က ရခိုင်တပ်တော်ဆီမှာ သင်တန်းတက်တယ်။ ပေါ်လစီက တခြားစီဖြစ်တယ်။ အာဏာသိမ်းခါစမှာ မရာကာကွယ်ရေးတပ်ဖွဲ့က စစ်ကောင်စီတပ်ကို မတိုက်ဘူး။ မင်းအောင်လှိုင်ဆီမှာပဲ မရာကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို တောင်းပြီးတော့ မရာဒေသတစ်ခုလုံးအတွက် စစ်ကောင်စီနဲ့ ပူးပေါင်းပြီးတော့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ရအောင်တောင်းမယ်ဆိုတဲ့ ပေါ်လစီကို အစမှာ သူတို့လုပ်လာတယ်။ စစ်ကောင်စီကို မတိုက်နဲ့ဆိုတဲ့ ပေါ်လစီက ကွဲနေတယ်ဆိုတော့ အခုက သူတို့ရည်ရွယ်ချက်နဲ့ ရည်မှန်းချက်ကလည်း မတူတော့ဘူးဆိုတော့ နယ်မြေလုတဲ့ ပုံစံနဲ့ သူတို့ကို ကျွန်တော်တို့ကို လာတိုက်နေတာ”လို့ မရာကောင်စီတာဝန်ခံက ဆက်လက်ပြောဆိုသည်။
တိုက်ပွဲဖြစ်ပွားမှုကြောင့် နှစ်ဖက်ထိခိုက်သေဆုံးမှုနှင့် တိုက်ပွဲအခြေအနေကို ထုတ်ပြန်ခြင်းမရှိသလို တိုက်ပွဲဖြစ်ပွားမှုနှင့် ပတ်သက်ပြီး နှစ်ဖက်စလုံးအပြန်အလှန်စွပ်စွဲနေကြကြောင်းဒေသခံများထံမှ သိရသည်။
လူမှုကွန်ရက်တွင် ချင်းအမျိုးသားတပ်မတော်နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့(မရာ)မှ သိမ်းပိုက်ရရှိထားသော မရာကာကွယ်ရေးတပ်ဖွဲ့၏ တပ်စခန်းများနှင့် လက်နက်ခဲယမ်းသိမ်းဆည်းရရှိမှု ဗီဒီယိုဖိုင်နှင့် မှတ်တမ်းပုံများ ထွက်ပေါ်လာခဲ့သည်။
မရာအချင်းချင်းဖြစ်ပွားနေသော တိုက်ပွဲတွင် ရက္ခိုင့်တပ်တော်ကလည်း မရာကာကွယ်ရေးတပ်ဖွဲ့ဘက်မှ စစ်ကူများပေးနေကြောင်း မရာကောင်စီက ပြောဆိုထားပြီး လူမျိုးအချင်းချင်းကြားတွင် ရက်ရှည်တိုက်ပွဲ ဖြစ်ပွားမှုနှင့် ပတ်သက်၍ ဒေသခံများက အမြန်ဆုံးညှိနှိုင်းအဆင်ပြေကြရန် မျှော်လင့်နေကြ ကြောင်းသိရသည်။
#မတူပီ #မရာဒေသ #မရာအချင်းချင်းတိုက်ပွဲဖြစ်ပွား #နှစ်ဖက်ထိခိုက်သေဆုံးမှုရှိ #Ayeyarwaddy_Times