ဧရာဝတီတိုင်းမ်
ဖေဖေါ်ဝါရီ ၂၂ ရက်

တိုက်ပွဲများတွင် ဒဏ်ရာရရှိခဲ့၍ ဆေးဝါးကုသပြီးနောက် ဆေးရုံဆင်းလာသော စစ်ကောင်စီတပ်ဖွဲ့များကို ဧရာ၀တီတိုင်း ပုသိမ်မြို့နယ် ချောင်းသာကမ်းခြေသို့ ဖေဖော်ဝါရီလ ၁၆ရက်နေ့မှ ၂၁ရက်နေ့ထိ အပန်းဖြေခရီး ခြောက်ရက်ကြာ စစ်ကောင်စီက ပို့ဆောင်ပေးခဲ့ကြောင်းဒေသခံများထံမှသိရှိရသည်။

“ဒဏ်ရာရတွေ ဆိုပြီး အပန်းဖြေခေါ်လာတာတစ်နှစ်အတွင်း မှတ်မိသလောက် ငါးကြိမ်ရှိနေပြီ ခြေပြတ်၊ လတ်ပြတ်တွေ များပါတယ်။ အမှန်ဆို ဆေးပင်စင်ယူရမယ့်လူတွေပါ။ ကမ်းခြေကပြန်ရင် ရှေ့တန်းပြန်ရမယ်ဆိုတော့ မျက်နှာမကောင်းကြဘူး”ဟု ဒေသခံတစ်ဦးမှဧရာ၀တီတိုင်းမ်ကိုပြောသည်။

ဒဏ်ရာရ၍ ဆေးဝါးကုသပြီးနောက် ဆေးရုံဆင်းလာသော စစ်ကောင်စီတပ်သား ၁၀၀ခန့်ကို ရန်ကုန်မြို့မှတစ်ဆင့် မှန်လုံကားအကြီး၁၀စီးခန့်ဖြင့် ချောင်းသာကမ်းခြေသို့ ခေါ်ဆောင်လာပြီး အုန်းတောရွာ ရှိစစ်တပ်တွင် နတခတိုင်းမှူးနှင့် တိုင်း၀န်ကြီးချုပ်ကိုယ်တိုင် နေရာချပြီး အပန်းဖြေခိုင်းခြင်းဖြစ်ကြောင်း ဒေသခံများကပြောသည်။

ယခင်က ဒဏ်ရာရစစ်သားများကို အနည်းဆုံး နှစ်ရက်ခန့်သာ ပို့ဆောင်ပေးသော်လည်း ယခု ငါးကြိမ်မြောက်တွင်ခြောက်ရက်ကြာ အပန်းဖြေခိုင်းပြီး ပုသိမ်မြို့ရှိ ဘုရားများကိုလည်း လိုက်လံပို့ဆောင်ပေးခဲ့ကြောင်း စစ်ကောင်စီနှင့်နီးစပ်သူများထံမှ သိရှိရသည်။

#ဆေးရုံဆင်းလာသော #စစ်ကောင်စီတပ်ဖွဲ့ဝင်များ #ပုသိမ်မြို့နယ် #ချောင်းသာကမ်းခြေ #Ayeyarwaddy_Times