
အယိုက်လင်း/ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂၂ ရက်
ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ ငရှောင်ကျေးရွာတွင် စစ်ကောင်စီ၏ ပစ်ခတ်သည့် လက်နက်ကြီးကျည်ကြောင့် အရပ်သား တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး လူနေအိမ် နှစ်လုံး ပျက်စီးသွားကြောင့် ဒေသခံများထံက သိရှိရသည်။
မင်းတပ်မြို့တွင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းမရှိဘဲ စစ်ကောင်စီသည် ဖေဖော်ဝါရီ ၂၁ ရက်နေ့၊ နေလည် ၁၀ နာရီ ၄၅ မိနစ်ခန့်တွင် ခလရ (၂၇၄) တပ်ရင်းမှ ပစ်ခတ်သည့် လက်နက်ကြီးကျည် နှစ်လုံးသည် ငရှောင်ကျေးရွာတွင် ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။
“မင်းတပ်မြို့ပေါ် တပ်ရင်းကနေ လက်နက်ကြီးကျည် နှစ်လုံးနဲ့ ပစ်ခတ်ခဲ့တာ။ လက်နက်ကြီးကျည် တစ်လုံးက ရွာထဲ တည့်တည့်ကျပြီး အမျိုးသား တစ်ဦး ခြေတစ်ဖက် ထိခိုက်ဒဏ်ရာရတယ်။ အရပ်သား နေအိမ် နှစ်လုံးပျက်စီးသွားတယ်။ တိုက်ပွဲမရှိဘဲ စစ်ကောင်စီကနေ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်နေကြတယ်” ဟု မင်းတပ်ဒေသခံ တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ယင်းအပြင် စစ်ကောင်စီသည် မြို့အနီးနား ပတ်ဝန်းကျင် ကျေးရွာများတွင် အင်အား အယောက် ၁၀၀ ဖြင့် စစ်ကြောင်းများ ထိုးသည့်အပြင် မြို့ထဲ ဗုံးခိုကျင်းနှင့် ဘန်ကာများတွင် လုံခြုံရေးတိုးချဲ့ထားကြောင်း သိရသည်။
မင်းတပ်မြို့တွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၇ ရက်နေ့နှင့် ၁၈ ရက်နေ့တွင် မတူပီနယ်မြေခံ တပ်ရင်းများမှ ထောက်ပို့ရဟတ်ယာဥ်ဖြင့် တပ်အင်အား ၁၅၀ လာရောက်ဖြည့်တင်းထားကြောင်း သိရသည်။
#ချင်းပြည် #မင်းတပ်မြို့ #စစ်ကောင်စီ #လက်နက်ကြီးပစ်ခတ် #အရပ်သားတစ်ဦးထိခိုက် #လူနေအိမ်နှစ်လုံးပျက်စီး #Ayeyarwaddy_Times