နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂၂ ရက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဟိုပုံးမြို့နယ်တွင် အာဏာသိမ်း စစ်ကောင်စီတပ်၊ ၎င်းလက် အောက်ခံ ပအိုဝ်းပြည်သူ့စစ်အဖွဲ့နှင့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်-PNLA တို့အကြား နှစ်ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ အလောင်း ကိုး လောင်းနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း PNLA ထံက သိရသည်။

ဟိုပုံးမြို့နယ်၊ အရှေ့ဘက်ခြမ်း တစ်နေရာတွင် စစ်ကောင်စီတပ်နှင့် ၎င်းလက်အောက်ခံ ဦးအောင်ခမ်းထီ၏ PNO ပြည်သူ့စစ်အဖွဲ့တို့သည် ယမန်နေ့ ဖေဖော်ဝါရီ ၂၁ ရက်က ပအိုဝ်းဒေသ လုံခြုံရေးဆိုင်ရာ လှုပ်ရှားနေသော PNLA စစ်ကြောင်းကို လာရောက် တိုက်ခိုက်သဖြင့် တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

“မနေ့ကတော့ ကျွန်တော်တို့ လုံခြုံရေး စစ်ကြောင်းကို လာတိုက်လို့ တိုက်ပွဲဖြစ်ပွားခဲ့တာ ရှိပါတယ်။ အဲဒီတိုက်ပွဲ ဖြစ်ပွားမှုမှာတော့ စစ်ကောင်စီနဲ့ ပြည်သူ့စစ်ဘက်က အလောင်း ၄ လောင်း ကျန်ခဲ့တာရှိပါတယ်။ ပြီးတော့ လက်နက်တွေနဲ့ ကား တစ် စီးကို ကျွန်တော်တို့ သိမ်းဆည်းရမိခဲ့တာ ရှိပါတယ်။ ဒီနေ့ အခြေအနေကတော့ မြေပြင်ကနေ တင်ပြလာတာ လောလောဆယ် မရှိသေးပါဘူး” ဟု PNLA ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ဧရာဝတီ တိုင်းမ်ကို ပြောသည်။

ထိုသို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားသည့်နေရာကို PNLA က နယ်မြေရှင်းလင်းမှု ပြုလုပ်ရာ စစ်ကောင်စီနှင့် ပြည်သူ့စစ်အလောင်း လေး လောင်း၊ လက်နက်ငယ် လေး လက်၊ ၆၀ မမ လက်နက်ကြီးတစ်လက်၊ ကားတစ်စီးနှင့် ခဲယမ်းကျည်ဆံများ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ထို့အပြင် ယမန်နေ့၌ပင် စစ်ကောင်စီသည် ဟိုပုံးမြို့နယ်၊ ထမ်းဆန်းဂူဒေသတွင် လက်နက်ကြီးများ အထိုင်ချကာ မဲနယ်တောင်ဒေသကို ဆက်လက်ပစ်ခတ် တိုက်ခိုက် ခြင်း၊ ခရီးသွားပြည်သူများ၏ ကားများအား ပစ်ခတ်ခြင်းများ ပြုလုပ်ခဲ့သောကြောင့် ဒေသခံ ပြည်သူလူထုက ထိခိုက်ဒဏ်ရာရရှိခဲ့ကာ အိုးအိမ်စည်းစိမ်များ ပျက်စီးခဲ့ရကြောင်း သိရသည်။

အလားတူ ဖေဖော်ဝါရီ ၂၀ ရက်ကလည်း ဟိုပုံးမြို့နယ် တနေရာ၌ လုံခြုံရေး ဆိုင်ရာလှုပ်ရှားနေသည့် PNLA စစ်ကြောင်းကို စစ်ကောင်စီတပ်နှင့် ၎င်းလက်အောက်ခံ ပြည်သူ့စစ်များက လာရောက်တိုက်ခိုက်သဖြင့် မနက် ၁၁ နာရီမှ ညနေ ၅ နာရီအထိ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထို့နောက် စစ်ကောင်စီတပ်နှင့် ၎င်းလက်အောက်ခံ ပြည်သူ့စစ်များ ပြန်လည် ဆုတ်ခွာသွားပြီး PNLA မှ နယ်မြေရှင်းလင်းမှု ပြုလုပ်ရာ စစ်ကောင်စီနှင့် ၎င်းလက်အောက်ခံ ပြည်သူ့စစ်အလောင်း ငါး လောင်း၊ ခဲယမ်းကျည်ဆံများအပါအဝင် သေနတ် လေး လက်တို့ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ထိုနေ့၌ပင် စစ်ကောင်စီတပ်နှင့် ၎င်းလက်အောက်ခံ ပြည်သူ့စစ်များသည် မဲနယ်တောင် ဒေသကို လက်နက်ကြီး (၅၇) ကြိမ် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကျောက္ကဆျာႏကျေးရွာမှ နေအိမ်တလုံး အလုံးစုံထိခိုက် ပျက်စီးခဲ့ပြီး အခြားနေအိမ် ၁၀ လုံးခန့်လည်း ထိခိုက်မှုရှိခဲ့ကြောင်း သိရသည်။

ပအိုဝ်းလူမျိုးများ အထွဋ်အမြတ်ထားသည့် ဘာသာရေးဆိုင်ရာ မြင့်မြတ်သော နေရာများကို စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်များက ၎င်းတို့၏ အာဏာရှင်စနစ် သက်ဆိုးရှည်ရေးအတွက် အကာအကွယ်ယူခြင်း၊ တိုက်ခိုက်ဖျက်ဆီးခြင်းများ ပြုလုပ် လျက်ရှိကြောင်း သိရသည်။

“စစ်ကောင်စီနဲ့ ပြည်သူ့စစ်တွေက ပအိုဝ်းတွေ အထွဋ်အမြတ် ထားရတဲ့ ဘာသာရေးဆိုင်ရာ အဆောက်အအုံတွေကို ပစ်ခတ်ဖျက်ဆီးတာတွေ ပိုလုပ်လာတယ်။ တမင်သက်သက် လုပ်တယ်။ ပြီးတော့ အဲဒီဘာသာရေးဆိုင်ရာ နေရာတွေကို တပ်စွဲတယ်၊ နေထိုင်တယ်။ ဒါတွေက ဘာသာရေး လွတ်လပ်ခွင့်ကို ထိပါးစော်ကားတဲ့ လုပ်ရပ်လည်းဖြစ်တယ်” ဟု PNLA ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ပြောသည်။

စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်များအနေဖြင့် စစ်အာဏာရှင်ကို ကာကွယ်ပေး နေရသော မိမိ၏လုပ်ရပ်ကို ဦးနှောက်ကြီးကြီးဖြင့် သေချာသုံးသပ်စဉ်းစား၍ စစ်အာဏာရှင်စနစ် လက်အောက်မှ ရုန်းထွက်ကာ အမြန်ဆုံးကူးပြောင်းကြရန် PNLA က ထပ်မံတိုက်တွန်းထားသည်။

ထို့အပြင် ၎င်းတို့အနေဖြင့် နီးစပ်ရာ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLA) တပ်ဖွဲ့များထံသို့ ဆက်သွယ်ကာ လက်နက်နှင့်တကွ အမျိုးသားလွတ်မြောက်ရေး လမ်းကြောင်းပေါ်သို့ ကူးပြောင်းလာပါက ထိုက်ထိုက်တန်တန် ဆုချီးမြှင့်မည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ဓာတ်ပုံ-PNLA
#ဟိုပုံးမြို့ #၂ရက်ဆက်တိုက် #တိုက်ပွဲဖြစ်ပွား #စစ်ကောင်စီ #အလောင်း၉လောင်း #လက်နက်ခဲယမ်းများ #သိမ်းဆည်းရမိ #Ayeyarwaddy_Times