မြရာ/ဧရာ၀တီတိုင်းမ်
ဖေဖော်ဝါရီ ၂၂ ရက်

စစ်ကောင်စီတပ်၌ အင်အားလိုအပ်ချက်အရ တပ်သားသစ်များစုဆောင်းသည့် ပြည်သူ့ စစ်မှုထမ်းဥပဒေကို အသက်သွင်းလိုက်ပြီးနောက် တပ်တွင်း၌ ဧပြီလအတွင်း တပ်သား သစ်များစစ်မှုထမ်းဆောင်ရန် စစ်ယူနီဖောင်းများ ချုပ်လုပ်နေပြီး တိုးချဲ့ဆောင်များ လည်း ဆောက်လုပ်နေကြောင်း သိရသည်။

စစ်ကောင်စီက ၎င်းတို့ပိုင်အထည်ချုပ်စက်ရုံများတွင် စစ်ယူနီဖောင်းများကို ဧပြီလ အတွင်း အစုံတစ်သိန်းကျော် ချုပ်လုပ်ပေးပို့ရန် ညွှန်ကြားထားကြောင်း တပ်တွင်း သတင်းရင်းမြစ်ထံက သိရသည်။

“အခုတိုးချဲ့ဆောင်တွေဆောက်နေတာ ပြီးတဲ့နေရာတွေ ပြီးပြီ။ တပ်သားသစ်တွေ ရောက် လာရင် တစ်နိုင်ငံလုံးကိုမျှပြီး နေရာအနှံ့ဖြန့်ကျက်ခိုင်းမယ့် သဘောရှိတယ်။ ရှေ့တန်း စစ်မျက်နှာတွေ ပို့ဖို့လည်း တရား၀င် ထုတ်ပြောထားတာရှိတော့ ခုလုပ်နေတဲ့ အစီအမံ တွေနဲ့ဆို ရှေ့တန်းသွားကြရမှာ” ဟု တပ်တွင်းသတင်းရင်းမြစ်က ဧရာ၀တီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီ၏ ကာကွယ်ရေး၀န်ကြီးဌာနက တပ်မတော်ချည်မျှင်နှင့် အထည်စက်ရုံများ ဖြစ်သည့် ရန်ကုန်တိုင်းလှိုင်၊ လှိုင်သာယာ၊ အင်းစိန်၊ မင်္ဂလာဒုံမြို့နယ်နှင့် လေးထောင့် ကန်မြို့နယ်ရှိ စက်ရုံများ၊ မန္တလေးတိုင်းအတွင်းရှိ မိတ္ထီလာချည်မျှင်နှင့်အထည်စက်ရုံ၊ ပဲခူးတိုင်းရှိ ပျဉ်ပုံကြီးစက်ရုံနှင့် မကွေးတိုင်း ပုခုက္ကူနှင့် ပွင့်ဖြူမြို့နယ်များတွင်ရှိသည့် စက်ရုံများတွင် စက်ရုံတစ်ခုလျှင် အထည်တစ်သောင်းကျော် ဧပြီလအမီပြီးစီးရမည်ဟု ညွှန်ကြား ထားကြောင်း သိရသည်။

ထို့အပြင် တပ်သားသစ်များစုဆောင်းပြီး နေထိုင်ရန်အတွက် ရန်ကုန်တိုင်း အင်းစိန် မြို့နယ်ရှိ အမှတ် (၁) တပ်မတော် တပ်သားစုဆောင်းရေးတပ်၊ မန္တလေး မိုးကုတ်ကား လမ်း၊ ထီးတော်မိုးကျေးရွာရှိ အမှတ် (၂) တပ်မတော် စစ်သားစုဆောင်းရေး တပ်ဌာနချုပ်၊ ‌မကွေးမြို့ မကွေးလေတပ်အနီးရှိ အမှတ် (၃) တပ်မတော် စစ်သားစုဆောင်းရေးတပ်နှင့် စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်ရှိ အမှတ် (၄) တပ်တော်စစ်သားစုဆောင်းရေး တပ်များတွင် အဆောင်သစ်များကို တိုးချဲ့ဆောက် လုပ်နေပြီး တစ်နိုင်ငံလုံးရှိ တပ်ရင်း၊ တပ်ဖွဲ့များတွင်လည်း အဆောင်သစ်များ တိုးချဲ့ဆောက်လုပ်နေ ကြောင်း သိရသည်။

စစ်ကောင်စီ၏ စုဆောင်းရေးတပ်များသည် နယ်မြေအလိုက် တာ၀န်ခွဲဝေပြီး စစ်သား စုဆောင်းကြမည်ဖြစ်ပြီး စုဆောင်းရေးတပ်တစ်ခုစီ၏ လက်အောက်တွင် ရုံးလေးရုံး ပါ၀င်ကာ နယ်မြေခွဲ၍ စုဆောင်းကြရ မည်ဖြစ်သည်။

ရန်ကုန်စုဆောင်းရေးတပ်၏ လက်အောက်တွင် မော်လမြိုင်တပ်ရုံး၊ မြိတ်တပ်ရုံး၊ မင်္ဂလာဒုံတပ်ရုံးနှင့် ပုသိမ်တပ်ရုံးတို့ပါ၀င်ပြီး မန္တလေးရုံးလက်အောက်တွင် တောင်ကြီးရုံး၊ ကျိုင်းတုံရုံး၊ ခိုလန်ရုံး၊ မိတ္ထီလာရုံး၊ မကွေးတိုင်းလက်အောက်တွင် ပျဉ်းမနား၊ တောင်ငူ၊ အမ်း၊ ပြည်၊ စစ်ကိုင်းတိုင်းလက်အောက်တွင် မုံရွာ၊ ကလေး၊ မြစ်ကြီးနား၊ လားရှိုးဟူ၍ တစ်နိုင်ငံလုံးအနှံ့ တာ၀န်ခွဲဝေထားကြောင်း သိရသည်။

ယခုလာမည့် ဧပြီလအတွင်း ပြည်သူ့စစ်မှုထမ်းဥပဒေအရ တပ်သားသစ်များကို ခေါ်ယူရာတွင် လူငယ် ၅၀၀၀ ကျော်ခေါ်ယူမည်ဟု ဆိုသော်လည်း ယခုလုပ် ဆောင်နေ သည့် အစီအစဉ်များအရ စစ်ကောင်စီကပြောဆိုသည့် လူဦးရေထက် ပိုမိုခေါ်ယူနိုင် သည်ဟု တပ်တွင်းသတင်းရင်းမြစ်က ဆိုသည်။

ထို့ပြင် တပ်သားသစ်များကို ရှေ့တန်းသို့ လွှတ်နိုင်ရန်စီစဉ်ထားပြီး နောက်တန်းအထိုင်တပ် များတွင်လည်း ထားရှိမည်ဖြစ်ကာ မြို့ပေါ်ရပ်ကွက်များတွင် လိုအပ်သလို လုံခြုံရေးယူရ မည်ဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ-စစ်ကောင်စီ
ပုံစာ- မန္တလေးတိုင်း၊ မိတ္ထီလာမြို့ရှိ တပ်မတော် ချည်မျှင်နှင့်အထည်စက်ရုံ(မိတ္ထီလာ)သို့ စစ်ခေါင်းဆောင် သွားရောက်စစ်ဆေးစဉ် (၂၀၂၂ စက်တင်ဘာ)

#စစ်ကောင်စီ #စစ်မှုထမ်း #တပ်သားသစ်စုဆောင်း #တပ်တွင်းတိုးချဲ့ဆောင်များ #ယူနီဖောင်းများစီစဉ် #Ayeyarwaddy_Times