
ဧရာဝတီတိုင်းမ်
(ရေတာရှည်)၊ ဖေဖော်ဝါရီ ၂၂ ရက်
စစ်ကောင်စီသည် ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်အတွင်း ယမန်နေ့ ဖေဖော်ဝါရီ ၂၁ ရက်နေ့၊ မွန်းလွဲ ၂ နာရီဝန်းကျင်က အကြောင်းမဲ့လေကြောင်း တိုက်ခိုက်မှုပြုလုပ်ခဲ့ရာ အသက် မပြည့် သေးသည့် ကလေးနှစ်ဦး အပါအဝင် ဒေသခံ လေးဦးသေဆုံးခဲ့ကြောင်း သိရသည်။
စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြောင်းမဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် စည်ပိုင်းရွာမှ ဒေါ်တင်တင်မူ(၄၂) နှစ်၊ မရတီ(၁၀)နှစ်၊ မသဇင်(၈) နှစ် နှင့် ပိတောက် ကုန်းရွာမှ ဒေါ်ပိုပိုချစ်(၉၀) နှစ် တို့သေဆုံးခဲ့ပြီး စည်ပိုင်းရွာမှ ဒေသခံသုံးဦးနှင့် ပိတောက်ကုန်းရွာမှ ဒေသခံနှစ်ဦး စုစုပေါင်း ငါး ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။
“ရေတာရှည်မြို့နယ်ထဲမှာ မြို့ပေါ်တိုက်ပွဲဖြစ်သယောင်ဖန်တီးပြီး လေကြောင်း တိုက်ခိုက် မှုတွေ ဖန်တီးနေတာ။ အဓိကကတော့ ရေတာရှည်မြို့ပေါ်ကို PDF တွေတက်မလာအောင် ကြိုတင်ကာကွယ်ပြီး ပြည်သူကို ပစ်မှတ်ထားတိုက်ခိုက်နေတာပါ။ မနေ့ကတော့ လေယာဉ်ပေါ်ကနေ ဒရော့ဗုံး ပစ်ချတာတွေ အထိလုပ်ခဲ့တော့ ပြည်သူကိုထိခိုက်မှု တွေဖြစ်ပွားခဲ့တယ်။ ရဟတ်ယာဉ်ကနေ စက်လက်နဲ့ကုတ်ပြီးရွာလေးရွာကို သူတို့ပစ်သွား တယ်” ဟု အမှတ်(၂) စစ်ဒေသပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီသည် ရေတာရှည်မြို့နယ်ရှိ ပိတောက်ကုန်း ၊ စည်ပိုင်း ၊ ရှမ်းစု ၊ စရစ်ရိုးကုန်းစသည့် ရှမ်းရွာ လေး ရွာကို ၈၁-မမ ဗုံးသီးများ၊ စက်သေနတ်များဖြင့် လေယာဉ်ပေါ်မှ ကြဲချပြီး အကြောင်းမဲ့လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
စစ်ကောင်စီသည် ၎င်းတို့ စတင်အာဏာသိမ်းသည့်အချိန်မှ ယနေ့အထိ လေကြာင်း တိုက်ခိုက်မှုများကို တိုးမြှင့်လုပ်ဆောင်လာခဲ့ပြီး ပြီးခဲ့သည့် ၂၀၂၁ခုနှစ် ဖေဖော်ဝါရီမှ ၂၀၂၃ ခုနှစ် ဇန်နဝါရီအထိလေကြောင်းတိုက်ခိုက်မှု စုစုပေါင်း ၁၆၅၂ ကိုမ်ပြုလုပ်ခဲ့ပြီး အရပ်သားသေဆုံးသူ ၉၃၆ ဦး အထိရှိခဲ့ကြောင်း ဉာဏ်လင်းသစ်သုတေသနအဖွဲ့ အစည်း၏ အစီရင်ခံစာအရ သိရသည်။
ဓာတ်ပုံ – လူမှုကွန်ရက်
#ရေတာရှည် #လေကြောင်းတိုက်ခိုက် #စစ်ကောင်စီ #အရပ်သားသေဆုံး #ကလေးငယ် #Ayeyarwaddy_Times