ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂၁ ရက်

ပြည်သူ့စစ်မှုထမ်း ဥပဒေထုတ်ပြန်ပြီး ရက်ပိုင်အတွင်း ကျေးလတ်တောရွာများတွင် အသက် ငယ်ရွယ်သည့် အမျိုးသမီးများ ခိုးရာလိုက်ပြေးမှု များနေကြောင်း မြောင်းမြမြို့နယ်ရှိ ဒေသခံများထံမှသိရသည်။

စစ်ကောင်စီမှ ဖေဖော်ဝါရီ ၁၀ ရက်နေ့မှ စတင်ကာ ပြည်သူ့စစ်မှု့ထမ်းဥပဒေအား တရားဝင်ထုတ်ပြန်လိုက်ခြင်းကြောင့် အမျိုးသမီးငယ်များ စစ်မှု့ထမ်းရမည့်အရေးမှ ရှောင်နိုင်ရန် ခိုးရာလိုက်ပြေးနေကြကြောင်း ဒေသခံများထံမှသိရသည်။

“စစ်မှုထမ်းရမယ်ဆိုပြီး ဥပဒေထွက်လာတော့ ရပ်ရွာထဲမှာ အိမ်ထောင်ပြုထားတဲ့အမျိုးသမီးတွေဆို တပ်ထဲမလိုက်ရဘူး၊ကိုယ်ဝန်ဆောင်တွေမပါဘူးလို့လည်းကြားရော တစ်ရက် နှစ်ရက်အတွင်း ကျောင်းသူတွေရော ရပ်ကွက်ထဲက မိန်းကလေးတွေပါ ခိုးရာလိုက်ပြေး​နေကြတယ်။ ကျနော်တို့ ဘေးအိမ်ကကောင်မလေးတောင် ပါသွားတယ်။ မနေ့က ပြန်အပ်ကြတယ် ဒီရက်ထဲမှာတင် ဆယ်ယောက်ကျော်နေပြီ “ဟု မြောင်းမြမြို့နယ်မှ ဒေသခံအမျိုးသားတစ်ဦးက ဧရာဝတိီတိုင်းမ်ကိုပြောသည်။

စစ်ကောင်စီ၏ စစ်မှုထမ်း ဥပဒေကြောင့် အမျိုးသမီးငယ်များအကြား အယူအဆလွဲချော်ကာ စစ်မှုထမ်းခြင်းမှ ရှောင်ရှားနိုင်ရန် ခိုးရာလိုက်ပြေးမှုများ ပြုလုပ်နေခြင်းဖြစ်ကြောင်း ဒေသခံအချို့က သုံးသပ်ပြောဆိုသည်။

“ကလေးတွေက ဘာမှနာလည်းတာမဟုတ်ဘူး။ သူတို့က တပ်ထဲမဝင်ချင်ရင် အိမ်ထောင်ပြုရမယ်၊ ဒါဆို တပ်ထဲမဝင်ရဘူး ဆိုတဲ့အတွေးကြီးဝင်သွားတာ ။ အိမ်မှာလည်း သမီးနှစ်ယောက်ရှိတယ် သူနာပြု သင်တန်းတတ်နေကြတာ ။ သူတို့ကိုလည်းပြောထားရတယ် ။ ဘာလုပ်လုပ် မိဘကို တိုင်ပင်ပါ၊ သမီးတို့ထင်တိုင်းမလုပ်ကြပါနဲ့ လို့ပြောထားရတယ် ။ မိဘရှင်တွေအတွက်လည်းမလွယ်ဘူး “ဟု မြောင်းမြမြို့နယ်မှ အသက် ၄၃ နှစ်အရွယ်အမျိုးသမီးတစ်ဦးမှ ဧရာဝတီတိုင်းမ်ကိုပြောသည်။

စစ်ကောင်စီထုတ်ပြန်လိုက်သော ပြည်သူ့စစ်မှုထမ်းဥပဒေတွင် စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့်ရသူများတွင် အိမ်ထောင်သည်များနှင့် သားသမ်ီးရှိသူ အမျိုးသမီးများကို ကင်းလွတ်ခွင့်ပြုထားသည့်အတွက် လူမှုကွန်ရက်အသုံးပြုသူများကလည်း နောက်ပြောင်၍ အမျိုးသမီးများကို အိမ်ထောင်ပြုကြရန် ရေးသားခဲ့ကြသည်။

ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ လတ်တလောတွင် အမျိုးသမီးများကို မခေါ်သေးကြောင်း စစ်ကောင်စီက ထုတ်ဖော်ပြောဆိုထားသည်။

#ပြည်သူ့စစ်မှုထမ်းဥပဒေ #မြောင်းမြမြို့နယ် #အမျိုးသမီးငယ်များ #ခိုးရာလိုက်မှုများလာ
#Ayeyarwaddy_Times