နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂၁ ရက်
စစ်ကောင်စီသည် မဲစာရင်းကိစ္စ အကြောင်းပြ၍ နိုင်ငံတော်အာဏာကို မတရားသဖြင့် လုယူခဲ့ပြီးနောက် ၎င်းတို့သက်တမ်းအား သာမန်အခြေအနေ မဟုတ်ဟုဆိုကာ အလီလီတိုးယူထားသကဲ့သို့ ခေတ်အဆက်ဆက် ကတိမတည်မှုများကြောင့် အရွယ်ရောက်သူတိုင်း မဖြစ်မနေ စစ်မှုထမ်းရမည့် ကာလသည်လည်း ၅ နှစ်အထိ ဖြစ်သွားနိုင်ကြောင်း ဥပဒေရေးရာကျွမ်းကျင်သူများ နှင့် CDM တပ်မတော်သားများက သုံးသပ် ပြောကြားသည်။
အာဏာသိမ်း စစ်ကောင်စီသည် ယခင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (နအဖ) စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ က ၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာ ၄ ရက်တွင် လက်မှတ်ထိုး ထုတ်ပြန်ခဲ့သည့် ပြည်သူ့စစ်မှုထမ်း ဥပဒေကို ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၀ ရက်နေ့က အသက်သွင်းခဲ့ပြီး အရွယ်ရောက်သူတိုင်း အနည်းဆုံး ၂ နှစ်မှ ၅ နှစ်အထိ မဖြစ်မနေ စစ်မှုထမ်းရမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။
စစ်အုပ်စုအလိုကျ တစ်ဖက်သတ် ရေးဆွဲထားသည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ အရေးပေါ်ကာလသည် နိုင်ငံအတွင်း သဘာဝဘေးအန္တရာယ် ကျရောက်မှုနှင့် အထူးသဖြင့် ပြည်ပကျူးကျော်စစ်ကို ခုခံတော်လှန်မှုတို့အား ရည်ညွှန်းသတ်မှတ်ထားသော်လည်း စစ်ကောင်စီကမူ ၎င်းတို့အာဏာသိမ်းခြင်းအား ပြည်သူလူထု ခုခံနေခြင်းအပေါ် အရေးပေါ်ဟု ဆိုလိုနေကြောင်း တရားလွှတ်တော်ရှေ့နေ စောဘဦးလေးက ဆိုသည်။
“အဲဒီ ၅ နှစ်ကာလ ထမ်းဆောင်ဖို့အတွက်က ဘတ်ဂျက်တွေ၊ သူရဲ့ အခင်းအချင်း အခြေအနေတွေက ဘယ်လိုရှိသလဲပေါ့နော်။ စစ်ခေါင်းဆောင်ကတော့ ဘာပြောထားသလဲဆိုရင် ရှဉ့်လည်းလျှောက်သာ ပျားလည်းစွဲသာ အခြေအနေမျိုး ဖန်တီးပေးမယ်လို့ ပြောထားတဲ့အခါကျတော့ ဥပဒေကို လေးသရေလို ကစားနိုင်တဲ့ အနေအထားမျိုးရှိတယ်။ ၅ နှစ်ထက် ကျော်ကောင်း ကျော်သွားနိုင်ပါတယ်” ဟု တရားလွှတ်တော်ရှေ့နေ စောဘဦးလေးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အာဏာသိမ်းပြီးနောက် တပ်အင်အား အပြင်းအထန် လိုအပ်လျက်ရှိသည့် စစ်ကောင်စီသည် ယင်းစစ်မှုထမ်း ဥပဒေကို ပြဋ္ဌာန်း၍ တပ်သားသစ် စုဆောင်းမှုကို ဧပြီလအတွင်း လုပ်ဆောင်သွားမည်ဟု တရား၀င် ပြောဆိုထားသလို စစ်မှုထမ်းရန် လူစာရင်းအတိအကျကိုလည်း ဆိုင်ရာမြို့နယ်များသို့ အလျင်အမြန် ပို့ဆောင်နေကြောင်း သိရသည်။
စစ်မှုထမ်းရမည့် ကာလကိုလည်း သာမန်အရပ်သားများဖြစ်ပါက အများဆုံး ၂ နှစ်၊ ကျွမ်းကျင်သူများဖြစ်လျှင် အများဆုံး ၃ နှစ်၊ အရေးပေါ် အခြေအနေ ဖြစ်ပေါ်လျှင် အများဆုံး ၅ နှစ်အထိ တိုးမြှင့်သတ်မှတ်နိုင်သလို စစ်မှုထမ်းခြင်းကို အကြောင်းအမျိုးမျိုးပြ ငြင်းဆိုပါက ထောင်ဒဏ် ၅ နှစ်အထိ ပြစ်ဒဏ်ချမှတ်နိုင်ကြောင်း သိရသည်။
“အဲ့ဒါကတော့ တိုင်းပြည် အခြေအနေပေါ်မှာတော့ မူတည်လိမ့်မယ် ထင်တယ်။ စစ်တပ်ဆိုတာ များသောအားဖြင့် ကတိတော့ မတည်ဘူးလေ။ သမိုင်းအစဉ်အဆက်မှာ ၁၉၉၀ ရွေးကောက်ပွဲမှာလဲ လိမ်ခဲ့တယ်၊ နောက်တစ်ခါ ၂၀၀၈ ခြေ/ဥ ရေးဆွဲတော့လဲ စစ်တပ်ကိုပဲ မျက်နှာမူဆွဲခဲ့တယ်။ အခုအဏာသိမ်းတော့လဲ သူတို့ပြဌာန်းထားတဲ့ ၂၀၀၈ နဲ့မညီဘဲ အာဏာသိမ်းတယ်။ သူတို့ကတော့ ဘာကိုမှ ကတိတည်မှာ မဟုတ်ဘူး” ဟု ဝါရင့်တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ယင်းပြည်သူ့စစ်မှုထမ်း ဥပဒေအရ နိုင်ငံသားတိုင်း စစ်မှုထမ်းရမည်ဖြစ်ပြီး သာမန် အရပ်သား အမျိုးသားများဖြစ်ပါလျှင် အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း လည်းကောင်း၊ ကျွမ်းကျင်သူ (ဆရာဝန်၊ အင်ဂျင်နီယာ၊ စစ်မှု လက်မှုပညာ တတ်မြောက်သူ သို့မဟုတ် အခြားအတတ်ပညာ တစ်ရပ်ရပ်ဖြင့် အသက်မွေးဝမ်းကျောင်းနေသူများ) အမျိုးသား များဖြစ်ပါလျှင် အသက် ၁၈ နှစ်မှ ၄၅ နှစ်အတွင်းလည်းကောင်း သတ်မှတ်ထားသည်ကို တွေ့ရသည်။
ထို့အတူ သာမန်အရပ်သား အမျိုးသမီးများဖြစ်ပါလျှင် အသက် ၁၈ နှစ်မှ ၂၇ နှစ်အတွင်း လည်းကောင်း၊ ကျွမ်းကျင်သူ (ဆရာဝန်၊ အင်ဂျင်နီယာ၊ စစ်မှုလက်မှုပညာ တတ်မြောက်သူ သို့မဟုတ် အခြားအတတ်ပညာ တစ်ရပ်ရပ်ဖြင့် အသက်မွေးဝမ်း ကျောင်းနေသူများ) အမျိုးသမီးများဖြစ်ပါလျှင် အသက် ၁၈ နှစ်မှ ၃၅ နှစ် အတွင်း လည်းကောင်း မဖြစ်မနေ စစ်မှုထမ်းရမည်ဟု စစ်ကောင်စီ၏ ထုတ်ပြန်ချက်အရ သိရသည်။
“သူရဲ့ ပြည်သူ့စစ်မှုထမ်း ဥပဒေရဲ့ ပုံစံကကိုပဲ ၅ နှစ်ထမ်းရမယ်။ ၅ နှစ်ထက်တော့ မပိုဘူးပေါ့နော်။ ဒါပေမယ့် လိုအပ်ချက်အရ စစ်မှုထမ်းဟောင်းတွေကို ပြန်ခေါ်မယ်ဆိုပြီးတော့ သူလိုချင်ရင် လိုချင်သလို သုံးလို့ရတဲ့ အင်အားမျိုး၊ အနေအထား မျိုးထိအောင် ဒါလုပ်ထားတဲ့ အနေအထားပေါ့နော်။ ကြောက်စရာကောင်းတဲ့ အနေအထားမျိုးလို့ ကျွန်တော်ပြောချင်ပါတယ်” ဟု CDM ဗိုလ်ကြီးဇင်ယော်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
လက်ရှိတွင် စစ်ကောင်စီက စစ်မှုမထမ်းမနေရ ဥပဒေထုတ်ပြန်ပြီးနောက် မြို့နယ်များအတွင်းရှိ လူငယ်လူရွယ်များကို ဖမ်းဆီး၍ ငွေညှစ်တောင်းခံမှုများ ဆက်တိုက်ပြုလုပ်လာပြီး ဧည့်စာရင်းအကြောင်းပြ ဖမ်းဆီးမှုများလည်း ရှိနေကြောင်း သိရသည်။
ပုံစာ-စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
#စစ်ကောင်စီ #သာမန်အခြေအနေမဟုတ် #အရွယ်ရောက်သူတိုင်း #၅နှစ် #စစ်မှုထမ်း #Ayeyarwaddy_Times