
နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂၂ ရက်
အာဏာသိမ်း စစ်ကောင်စီက အရွယ်ရောက်သူတိုင်း မဖြစ်မနေ စစ်မှုထမ်းရမည်ဟု ထုတ်ပြန်ခဲ့ပြီးနောက် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအင်အားစုများ (EROs) က ၎င်းတို့ ထိန်းချုပ်နယ်မြေအတွင်းရှိ လူငယ်များအား စစ်မှုထမ်းရန် တရားဝင် ဖိတ်ခေါ်မှုများ ပိုမိုပြုလုပ်လာကြောင်း သိရသည်။
စစ်ကောင်စီက ၎င်းတို့၏ လိုအပ်ချက်အရ အတည်ပြု လုပ်ဆောင်လာသည့် စစ်မှုထမ်း ဥပဒေကို တရားဝင်ကြောင်း ယူဆမည်ဆိုလျှင် ကျန်ရှိသက်ဆိုင်ရာ အစုအဖွဲ့အနေ ဖြင့်လည်း ထိုကဲ့သို့ တန်ပြန်လုပ်ဆောင်သည့် ပုံစံမျိုးဖြစ်သည်ဟု မြင်မိကြောင်း နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာစိုင်းကြည်ဇင်စိုးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
“အဲလိုလုပ်လိုက်တဲ့ ဥစ္စာကလည်း ဘာတစ်ခုကောင်းသလဲဆိုတော့ စစ်ကောင်စီနဲ့ မပူးပေါင်းချင်တဲ့သူတွေ တော်တော်များများက သူတို့အနေနဲ့ ဘယ်အစုအဖွဲ့နဲ့ သွားပေါင်းမယ်ဆိုတဲ့ဟာကို ရွေးစရာတစ်ခုတော့ ပေါ်သွားမှာပေါ့။ ဒါပေမယ့် မကောင်းတဲ့ဘက်က ကြည့်မယ်ဆိုရင် နိုင်ငံအတွက်၊ ဒေသအတွက်၊ လူမျိုးအတွက်ပေါ့နော်။ သက်ဆိုင်ရာ အတိုင်းအဝိုင်းအတွက် တကယ်အလုပ်လုပ်နိုင်တဲ့ အရွယ်တွေကို အခြားလမ်းတွေ ပေးမသွားဘဲနဲ့ စစ်တပ်ထဲပဲ သိမ်းကျုံးထည့်မယ် ဆိုတဲ့ဥစ္စာကတော့ လူ့အရင်းအမြစ် စွမ်းအားတွေ ပြုန်းတီးတဲ့ သဘောပုံစံမျိုး ရောက်နေတယ် ဆိုတဲ့ဟာကိုတော့ ကျွန်တော်တို့ သတိထားဖို့ လိုတယ်ဆိုတာ တွေ့ရတယ်ဗျ”ဟု ဒေါက်တာစိုင်းကြည်ဇင်စိုးက ဆိုသည်။
တပ်အင်အား လိုအပ်ချက်များအရ နှစ်ဖက်စလုံးမှ မတူညီသော ပုံစံများဖြင့် ယခင် ကတည်းက တပ်သားသစ် ရရှိရေးအတွက် ကြိုးပမ်းလုပ်ဆောင်ခဲ့ရာ စစ်အာဏာသိမ်းပြီး အထူးသဖြင့် ရှမ်းမြောက် ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း လူသိရှင်ကြား သတင်းများ ထွက်ပေါ်လာသည်အထိ ဖြစ်ပေါ်ခဲ့သည်။
မြန်မာ့စီးပွားရေး ပြိုလုတည်းတည်း ဖြစ်နေချိန်တွင် ယခုစစ်ကောင်စီ၏ စစ်မှုထမ်း ဥပဒေက စီးပွားရေးကို ထိုးလှဲလိုက်သကဲ့သို့ ဖြစ်သွားနိုင်သည်။ ရည်ရွယ်ချက်အားဖြင့် လုံခြုံရေး၊ ကာကွယ်ရေး ဆိုသော်ငြားလည်း ဓနဥစ္စာ မရှိပါလျှင် ကာကွယ်ရေးသည် မတောင့် တင်းနိုင်ကြောင်း ဝါရင့်နိုင်ငံရေး လေ့လာသုံးသပ်သူတစ်ဦးက ဧရာဝတီတိုင်းမ် ကို ပြောသည်။
“အခုစစ်မှုထမ်း ဥပဒေနဲ့ နောက်ဆက်တွဲ EAOs တွေကလည်း အပြိုင်အဆိုင် အင်အားစုဆောင်း နေကြတာဟာ ပထမကမ္ဘာစစ်ပြီး လက်နက်အသင့် ဖြစ်နေတယ်။ လူ့အဖွဲ့အစည်းတစ်ခုလုံးကို စစ်ဇာတ်သွင်းရာ ရောက်စေတယ်။ ကျန်တဲ့ ထုတ်လုပ်ရေး၊ စီးပွားရေး အပိုင်းတွေထက် စစ်အားပေး ဖြစ်နေစေတယ်”ဟု ဝါရင့်နိုင်ငံရေး လေ့လာသုံးသပ်သူက ဆိုသည်။
စစ်ကောင်စီသည် ၎င်းတို့၏ တပ်အင်အား အရေးပေါ်လိုအပ်ချက်အား ဖြည့်တင်းနိုင်ရန် ပြည်သူ့စစ်မှုထမ်း ဥပဒေကို အတည်ပြု အသက်သွင်းခဲ့ပြီး အပစ်ရပ်အဖွဲ့ဖြစ်သည့် သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ၊ မွန်ပြည်သစ်ပါတီ (NMSP)မှ ခွဲထွက်လိုက်သော မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင် တိုက်ဖျက်ရေး) အဖွဲ့စသည်တို့ ကလည်း စစ်မှုထမ်းရန် အပြိုင်ဖိတ်ခေါ်ခဲ့ကြောင်း သိရသည်။
အလားတူ ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် အခြေစိုက်လှုပ်ရှားနေသော EAOs များသည်လည်း ၎င်းတို့ဒေသတွင်းရှိ အရပ်သားများကို နှစ်စဉ် လူသစ်စုဆောင်းလျက်ရှိပြီး “တအိမ်တစ်ယောက် အမျိုးသားရေးတာဝန် ထမ်းဆောင်ရမည် ၊ သမိုင်းပေးတာဝန်ကို ထမ်းဆောင်ရမည်” ဟူသောမူကို အခြေခံ၍ စုဆောင်းခြင်းဖြစ်ကြောင်း သုတေသနအဖွဲ့ဖြစ်သည့် ISP-Myanmar ၏ သုံးသပ်ချက်အစီရင်ခံစာအရ သိရသည်။
“ကျွန်တော်ကတော့ အဲသလို အပြိုင်အဆိုင် စစ်အင်အား စုနေတာတွေ မထောက်ခံဘူး။ EAOs တွေမှာလည်း စုပုံစုနည်း စနစ်၊ လူ့အခွင့်အရေး လေးစားလိုက်နာမှု အားနည်းတယ်။ အမျိုးသား လွတ်မြောက်ရေး ဆိုကြပေမယ့် သူတို့ခေါင်းဆောင်ပိုင်း ကိုယ်ကျိုးစီးပွားတွေလည်း ရှိနေကြတယ်”ဟု အထက်ဖော်ပြပါ နိုင်ငံရေး လေ့လာသုံးသပ်သူက ဆက်လက်ပြောကြားသည်။
တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအင်အားစုများ(EROs) ၏ တပ်သားသစ် စုဆောင်းပုံစနစ်တွင် တစ်ဖွဲ့နှင့်တစ်ဖွဲ့ ကွဲပြားနေပြီး အချို့တပ်ဖွဲ့များက ၎င်းတို့လူမျိုးပေါ်တွင်သာ အခြေပြုထားပြီး တချို့ကမူ လူမျိုးဘာသာ မခွဲခြားဘဲ စုဆောင်းကြကြောင်း သိရသည်။
“ကျွန်မကြည့်တာတော့ တချို့ကိစ္စတွေက မရိုးရှင်းဘူးထင်တယ်။ EROs ထဲမှာလည်း တကယ့်တကယ် ပြည်သူ့ဘက်မှာ အချို့ရပ်တည်တာ ရှိသလို တချို့ကလည်း စစ်ကောင်စီနဲ့က သိပ်ကွာဟတာ မဟုတ်ဘူး။ ဒါကြောင့်မို့လို့ စစ်ကောင်စီအပေါ်မှာ ပြည်သူလူထု ခံစားနေရတာတွေ သိပ်ပြင်းထန်နေတာကို လျော့သွားအောင် အချို့ကိစ္စတွေက အဖျက်လုပ်ငန်းလို့တောင် ကျွန်မထင်တယ်”ဟု မြန်မာ့အရေး လေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထို့အပြင် ပအိုဝ်းတပ်ဖွဲ့ နှစ် ဖွဲ့ဖြစ်သည့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO/PNLA) နှင့် ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ(PNFC ) ၊ ကရင်အမျိုးသား အစည်းအရုံး(KNU) ၊ ရက္ခိုင့်တပ်တော်(AA) စသည့် EROs များကလည်း စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်း ဥပဒေကို ဆန့်ကျင်၍ လာရောက်ပူးပေါင်းရန် တိုက်တွန်းထားသည်ကို အဆိုပါအဖွဲ့များ၏ ထုတ်ပြန်ချက်အရ သိရသည်။
“ကိုယ့်ဒေသမှာ လာနေဖို့၊ ခိုလှုံဖို့ ခေါ်တာကတော့ ကောင်းတဲ့အချက် ရှိပါတယ်။ ဥပမာ- AA က သူ့ဒေသကို တည်ဆောက်တော့မယ်လို့ ပြောထားတာကိုး၊ MNDAA တို့ကလည်း ကိုးကန့်ဒေသကို ပြန်တည်ဆောက်ဖို့ ကြိုးစားနေတာတွေ ရှိတယ်လေ။ အဲဒီလို အမြင်ဘက်ကဆိုရင် တစ်မျိုးပေါ့နော်။ အဲဒါကတော့ ကောင်းတဲ့လက္ခဏာလို့ မြင်ပါတယ်။ ပြဿနာတွေကတော့ ရှုပ်ရှုပ်ထွေးထွေးတွေ ဖြစ်နေဦးမှာပဲ”ဟု ဒေါက်တာလှကျော်ဇောက ဆိုသည်။
ပုံစာ- ရန်ကုန်တွင် စစ်ကောင်စီက စစ်မှုထမ်း ဥပဒေ နှင့် ပတ်သတ်သည့် လက်ကမ်းစာစောင်များကို လိုက်လံဝေငှနေစဉ်
#လူငယ်များစစ်မှုထမ်းရန် #စစ်ကောင်စီနှင့်အပြိုင် #EROsဖိတ်ခေါ် #Ayeyarwaddy_Times