
ဇလပ်ဖြူ/ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂၂ ရက်
စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ မွန်းလိုင်ရပ်ကွက်၊ မွန်းလိုင်ကျောင်းနားသို့ ဖေဖော်ဝါရီ ၂၁ရက်နေ့ ည၇နာရီ ၃၀မိနစ်ခန့်တွင် စစ်ကောင်စီပစ်ခတ်သည့်လက်နက်ကြီးကျရောက်ပေါက်ကွဲကာ ကလေးငယ်နှစ်ဦးအပါဝင် လေးဦးသေဆုံး၍ သုံးဦးထက်မနည်းထိခိုက်သွားပြီး နေအိမ်များလည်းပျက်စီးသွားကြောင်း သတင်းရရှိသည်။
စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးမြို့၊ မွန်းလိုင်ရပ်ကွက်နေဦးလားနွန်ထား(၅၀နှစ်)၊၄င်း၏ အစ်မဒေါ်မိုင်းထန်ကြွယ်(၆၅နှစ်)နှင့် အိမ်နီးနားချင်းဖြစ်သော မမော်နီကာ လားနွန်မော (၁၆နှစ်)တို့သည် လက်နက်ကြီးကျရောက်ပေါက်ကွဲချိန်တွင် ပွဲချင်းပြီးသေဆုံးသွားကြပြီး မော်နီကာ၏ညီမဖြစ်သူ ဒေဘောရဆွီးနေပါရ်(၁၀နှစ်) နှင့် ဦးလားနွန်ထား၏ ဇနီးဖြစ်သူနှင့် သမီးဖြစ်သူ သုံးနှစ်အရွယ်တို့ ပြင်းထန်စွာ ထိခိုက်ခဲ့ကြကာ ဆေးရုံသို့ပို့ဆောင်စဉ် မော်နီကာ၏ညီမဖြစ်သူ ဒေဘောရဆွီးနေပါရ် ထပ်မံသေဆုံးခဲ့ကြောင်း ဒေသခံများကပြောသည်။
“တစ်နေကုန် လက်နက်ကြီးထုနေတာ။ ဘယ်ကိုပစ်လို့ပစ်မှန်းလည်းမသိဘူး။ ကလေးအမြောက်တပ်ကနေ ၁၀မိနစ်ခြား တစ်ခါလောက်ကို မရပ်တန်းပစ်တာ။ မွန်းလိုင်၊ကြို့သုံးပင်၊တာဟန်း အဲ့နေရာတွေကလူတွေ ခေါင်းတောင်မဖော်ရဲဘူး။ မွန်းလိုင်ဖက်ကျပြီး လူသုံးယောက်ပွဲချင်းပြီးသေတယ်။အသက်မပြည့်သေးတဲ ကလေးနှစ်ယောက်သေတယ်။ အိမ်တွေလည်း ရစရာကိုမရှိတော့ပါဘူး” ဟု ကလေးဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
သေဆုံးသူများကို ခရစ်ယာန်ထုံးတမ်းနှင့် အညီ ဖေဖော်ဝါရီလ ၂၂ရက် နံနက် ၁၀နာရီခန့်တွင် သင်္ဂြိုဟ်ခဲ့ကြောင်း သိရသည်။
စစ်ကောင်စီတပ်သည် ယနေ့ဖေဖော်ဝါရီ ၂၂ရက်နေ့ နံနက် ၁၁နာရီခန့်ကလည်း တာဟန်းရပ်ကွက်၊ ရိုးမဘဏ်ရှေ့တွင် လူငယ် ငါးဦးကို ပစ်ခတ်ခဲ့ရာ တစ်ဦးသေဆုံးခဲ့ပြီး ကျန် လေး ဦးကိုလည်း ဖမ်းဆီးထားကြောင်းသိရသည်။
ပုံစာ-စစ်ကောင်စီပစ်ခတ်မှုကြောင့် ထိခိုက်သေဆုံးခဲ့ရသူများနှ င့်နေအိမ်တစ်ချို့ပျက်စီးမှု
#ကလေးမြို့ #စစ်ကိုင်းတိုင်း #မွန်းလိုင် #ကြို့သုံးပင် #စစ်ကောင်စီ #လက်နက်ကြီး #အရပ်သားသေဆုံး
##Ayeyarwaddy_Times