ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂၂ရက်

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ကမ်းနီရွာအနီးရှိ စစ်ကောင်စီ၏ အမှတ် (၉) တိုင်းဗဟိုလေ့ကျင့်ရေး သင်တန်းကျောင်းကို ရက္ခိုင့်တပ်တော်မှ ဖေဖော်ဝါရီလ (၂၁) ရက်နေ့ ၌ လေးရက်မြောက်နေ့အဖြစ် ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိ‌ေကြာင်း သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၁၇) ရက်၊ နံနက် (၁၀) နာရီ (၄၅) မိနစ်မှစတင်၍ ထိုးစစ်ဆင်တိုက်ခိုက် လျက်ရှိသော မင်းပြားမြို့၊ ကမ်းနီရွာအနီးရှိ စစ်ကောင်စီ၏ အမှတ် (၉) တိုင်းဗဟိုလေ့ကျင့်ရေး သင်တန်းကျောင်း၏ အစိတ်အပိုင်းတစ်ချို့ဖြစ်သော ကာကင်းစခန်း သုံးခုနှင့် အရေးပါသော နေရာတစ်ခုအား သိမ်းပိုက် ရရှိထားပြီးဖြစ်‌ကြောင်း AAက ထုတ်ပြန်ထားသည်။

မင်းပြားမြို့နယ်ရှိ ခမရ ၃၈၀တပ်ရင်းကို ပြီးခဲ့သည့် ဇန်နဝါရီ ၂၈ရက်နေ့တွင် (AA)က သိမ်းယူနိုင်ခဲ့ကြောင်းသိရသည်။

ထို့အပြင် ရက္ခိုင့်တပ်တော် (AA)က ပြီးခဲ့သည့် ဖေဖော်ဝါရီ ၅ရက်နေ့က မင်းပြားမြို့နယ်ရှိ စစ်ကောင်စီ၏ ခမရ ၃၇၉နှင့် ခမရ ၅၄၁တို့ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကာ စစ်ကောင်စီတပ်သားများနှင့် မိသားစုဝင်များ (AA)ထံ လက်နက်ချအညံ့ခံခဲ့ကြပြီး မင်းပြားမြို့ကို ထိန်းချုပ်နိုင်ခဲ့ပြီ ဖြစ်သည်။

ယခုတိုက်ပွဲဖြစ်ပွားနေသည့် ကမ်းနီရွာရှိ တိုင်းဗဟို ၉ တပ်မတော်တန်းမြင့်သင်တန်းကျောင်းမှ သင်တန်းသားများ၊ အရာရှိမိသားစုဝင်များနှင့် တပ်မိသားစုများကို ပြီးခဲ့သည့် ဇန်နဝါရီလ ၃၁ရက်နေ့တွင် စစ်ကောင်စီက MI 17 ရဟတ်ယာဉ်ဖြင့် စစ်တွေမြို့ပေါ်သို့ ပြောင်းရွှေ့ပေးထားသည်။

လက်ရှိတွင် တိုက်ပွဲရက်ကြာလာသည်နှင့်အမျှ ထိုးစစ်ဆင်နေသည့် AAတပ်ဖွဲ့က စစ်ရေးအရအရေးသာနေပြီး သင်တန်းကျောင်းတစ်ခုလုံး ရရှိသည်အထိ ထိုးစစ်ဆင်တိုက်ခိုက်သွားမည်ဟု( AA)က ထုတ်ပြန်ထားသည်။

#မင်းပြားမြို့ #ကမ်းနီရွာ #စစ်ကောင်စီ #တိုင်းဗဟို တတက၉ #တပ်မတော်တန်းမြင့်သင်တန်းကျောင်း #AA #Ayeyarwaddy_Times