
အယိုက်လင်း/ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂၁ ရက်
ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ မြောင်းတကာကျေးရွာရှိ ချင်းလူမျိုးများ နေထိုင်သည့် နေအိမ် ၂၀ ကျော်ကို စစ်ကောင်စီက ၄ ရက်တွင်း ဖယ်ရှားခိုင်းကြောင်း သိရသည်။
မှော်ဘီမြို့နယ်၊ မြောင်းတကာကျေးရွာရှိ ချင်းလူမျိုးများသည် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် ဖြစ်ပွါးသည့် တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်လာကြသည့် စစ်ဘေးရှောင်များ၏ နေအိမ်များဖြစ်ပြီး စစ်ကောင်စီမှ တပ်ပိုင်မြေဟုဆိုကာ ဖေဖော်ဝါရီ ၂၂ ရက်နေ့ နောက်ဆုံးထားကာ ဖယ်ရှားခိုင်းကြောင်း သိရှိရသည်။
” ၁၈ ရက်နေ့က စစ်ကားတွေနဲ့ စစ်သား အင်အားအများပြား လာရောက်ပြီး လော်စပီကာနဲ့ ပြောသွားတာပါ။ အချိန်ယူပြီး ဖယ်ရှားခိုင်းရင် အဆင်ပြေတာပေါ့။ အခုက ချက်ချင်းကြီး ဖယ်ရှားခိုင်းတော့ အဆင်မပြေဘူး။ မြေကွက်က ပွဲစားဆီကနေ တန်ရာတန်ကြေး ပေးဝယ်ပြီးမှ အိမ်ဆောက်ကြတာဖြစ်တယ်။ နေထိုင်ကြတာလည်း ကြာနေပြီဖြစ်တာကြောင့် ရှိတဲ့ငွေနဲ့ သေချာဆောက်ထားတဲ့ တိုက်အိမ်၊ သစ်အိမ်တွေလည်း ရှိတယ်။”ဟု ၎င်းတို့နှင့် နီးစပ်သူထံက သိရှိရသည်။
စစ်ကောင်စီက ဖယ်ရှားခိုင်းသောကြောင့် ယမန်နေ့ ဖေဖော်ဝါ ၂၀ ရက်နေ့ကစ၍ နေအိမ်များကို ၎င်းတို့ကိုယ်တိုင် ဖျက်ဆီးနေကြကြောင်း သိရသည်။
အဆိုပါ မြေကွက်များကို ချင်းစစ်ဘေးရှောင်များသည် ပွဲစားများမှတဆင့် ငွေကြေးပေးဝယ်ပြီးမှ အိမ်ဆောက်ထားခြင်းဖြစ်ပြီး နေထိုင်သည့် ကာလသည်လည်း လေးနှစ်ကျော်ကြာပြီဖြစ်ကြောင်း သိရသည်။
ဖယ်ရှားခံရသည့် လူနေအိမ် စုစုပေါင်း ၂၃ လုံးဖြစ်ပြီး ဖယ်ရှားခံရသည့် မိသားစုဝင်များသည် အသိမိတ်ဆွေအိမ်များ ဘုရားကျောင်းများတွင် ခေတ္တာခဏ နေထိုင်နေကြပြီး နေထိုင်စားသောက်ရေးအတွက် အရေးပေါ်အကူညီများ လိုအပ်နေကြောင်း သိရသည်။
#ရန်ကုန် #မှော်ဘီ #မြောင်းတကာ #ချင်းလူမျိုး
#Ayeyarwaddy_Times