ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂၁ရက်

ရခိုင်ပြည်နယ်အတွင်း စစ်ရေးပြင်းထန်လာပြီးနောက် စစ်ကောင်စီက ပြည်နယ်အတွင်းဝင်ထွက်မှုပြုနေသည့် ကုန်းလမ်း၊ ရေလမ်းတို့ကိုပိတ်ဆို့လိုက်ပြီး လေကြောင်းမှလာရောက်သူများကိုပါ ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သိရသည်။

ရခိုင်ပြည်နယ်အတွင်းရှိ ဒေသအချို့ကို ရက္ခိုင့်တပ်တော်( AA)က ထိုးစစ်ဆင်တိုက်ခိုက်လာချိန်တွင် စစ်ကောင်စီက ပြည်နယ်အတွင်း ဝင်ထွက်နေရသည့် ကုန်းလမ်း၊ ရေလမ်းတို့ကို ပိတ်ဆို့တားမြစ်ထား‌ခြင်းဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီသည် ရခိုင်ပြည်နယ်သို့ တစ်ခုတည်းသော ဝင်ထွက်ခွင့်ဖြစ်သည့် လေကြောင်းခရီးကိုပါ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၈ရက်နေ့က စတင်၍ ကြပ်မတ်စစ်ဆေးလျက်နေပြီး လေကြောင်းမှလာရောက်သည့် ပြည်သူများကိုလည်း ဝင်ခွင့်မပြုဘဲ ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း ဒေသခံသတင်းရင်းမြစ်များထံက သိရသည်။

စစ်ကောင်စီသည် ရန်ကုန်မှ ကျောက်ဖြူလေဆိပ်သို့ လေယာဉ်စီးနင်းလာသူ ၆၇ ဦးကို ဖေဖော်ဝါရီ ၁၈ ရက်နေ့က လေဆိပ်တွင် ဖမ်းဆီးခဲ့ပြီး ကျောက်ဖြူရှိ ရမ္မာဝတီမြို့တော်ခန်းမအတွင်း စစ်ဆေးမေးမြန်းခဲ့ကြောင်း သိရသည်။

“ဘာလုပ်ရမလဲကို မသိတော့ဘူး။ စစ်ကောင်စီအပေါင်းအပါတွေက မြို့ပေါ်မှာလည်း လူမျိုးရေးရန်ပွဲဖြစ်အောင်ဖွတယ်။ ဆိုင်ရှေ့လည်း ရခိုင်လူမျိုးတွေရဲ့ ဆိုင်တွေအားမပေးဖို့ လာကပ်သွားတော့ ရန်ကုန်မှာ မ‌နေချင်တော့ဘူး။ ဆိုင်ပိတ်ပြီး ပြန်ဖို့ကို အခုကလေဆိပ်မှာဖမ်းစစ်နေတယ်ဆိုတော့ ဘယ်လိုစီစဉ်ရမလဲ မသိသေးဘူး” ဟု ရန်ကုန်မှ သံတွဲသို့ပြန်မည့် ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထို့အပြင် စစ်ကောင်စီသည် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၉ ရက်နေ့ကလည်း ရန်ကုန်မှ စစ်တွေလေဆိပ်သို့ ဆိုက်ကပ်လာသည့် လေယာဉ်သုံးစီးမှ ခရီးသည်များကို စစ်တွေမြို့၊ လောကာနန္ဒာဘုရားဝန်းအတွင်းသို့ ဖမ်းဆီးခေါ်ဆောင်ကာ စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီက ဖမ်းဆီးထားသူများကို ဒေသခံဖြစ်ပါက မိသားစုမှ သန်းခေါင်စာရင်းပြ၍လာထုတ်ခိုင်းပြီး အချက်အလက်မပြနိုင်သူများ၊ ဒေသခံ မဟုတ်သူများကို ရန်ကုန်သို့ပြန်ခိုင်းပြီး ပါလာသည့်လက်ကိုင်ဖုန်းများကိုပါ စစ်ဆေးကာ မသင်္ကာစရာအချက်အလက် တွေ့ရှိထားသူများကို ဆက်လက် ဖမ်းဆီးစစ်ဆေးနေကြောင်း သိရသည်။

ကုန်းလမ်း၊ ရေလမ်းတို့ကို ပိတ်ဆို့ပြီး ယခုကဲ့သို့ လေကြောင်းမှလာသူများကိုပါ တားမြစ်ပိတ်ဆို့လိုက်သည့်အတွက် ရန်ကုန်၊မန္တလေးနှင့် အခြားမြို့ကြီးများမှ ရခိုင်သို့ပြန်မည်သူများမှာ စိုးရိန်ထိတ်လန့်လျက်ရှိကြောင်း သိရသည်။

လက်ရှိတွင် စစ်ကောင်စီက စစ်တွေမြို့ပေါ်သို့ ဝင်ထွက်ခွင့်များကိုပါ ပိတ်ဆို့လိုက်ပြီး လေယာဉ်စီး ခရီးသည်များကိုလည်း အထူးကြပ်မတ်ကာ ဖမ်းဆီးစစ်ဆေးနေသည့်အတွက် စစ်တွေမြို့အတွင်းရှိ ပြည်သူများ စိုးရိန်ထိတ်လန့်လျက်ရှိကြောင်း သိရသည်။

စစ်ကောင်စီသည် စစ်ဘေးရှောင်လာသူများကိုလည်း စစ်တွေမြို့အတွင်း ဝင်ခွင့်ပိတ်ပင်လိုက်သလို စစ်တွေမြို့မှနေ၍ ကျောက်တော်၊ မင်းပြား၊ ပုဏ္ဏားကျွန်း အစရှိသည့်မြို့များသို့ ထွက်ခွာလိုသူများကိုလည်း ထွက်ခွာခွင့်မပြုတော့ကြောင်း သိရသည်။

စစ်ကောင်စီက စစ်မှုမထမ်းမနေရ ပြည်သူ့စစ်ဥပဒေကိုထုတ်ပြန်ပြီးနောက် လူငယ်၊ လူရွယ်များ ကာကွယ်ရေးတပ်ဖွဲ့နှင့် တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့များထံသွားရောက် ပူးပေါင်းမှုများနေသည့်အတွက် ရခိုင်ပြည်နယ်အတွင်း ဝင်ရောက်လာသည့် ပြည်သူများကိုလည်း ယခုကဲ့သို့ ဖမ်းဆီးစစ်ဆေးမှုများပြုလုပ်နေခြင်းဖြစ်ကြောင်း သိရသည်။

ရက္ခိုင့်တပ်တော် AAကလည်း ရခိုင်တစ်မျိုးသားလုံးနှင့် နိုင်ငံအတွင်းရှိ ပြည်သူများအနေဖြင့် စစ်ကောင်စီအုပ်စိုးနေသည့် ရန်ကုန် အစရှိသောမြို့ကြီးများသို့ ထွက်ပြေးတိမ်းရှောင်နေမည့်အစား AAက သိမ်းပိုက်ထိန်းချုပ်ထားသည့် နယ်မြေများတွင် လာရောက်ခိုလှုံနိုင်ကြောင်း ယမန်နေ့ ဖေဖော်ဝါရီ ၂၀ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။

ပုံစာ-စစ်တွေလေဆိပ်

#ရခိုင်ပြည်နယ် #စစ်ကောင်စီ #ကုန်းလမ်း #ရေလမ်း #ပိတ်ဆို့တားမြစ် #လေယာဉ်ခရီးစဉ်များကန့်သတ် #Ayeyarwaddy_Times