
မြရာ/ဧရာ၀တီတိုင်းမ်
ဖေဖော်ဝါရီ ၂၁ ရက်
စစ်ရေးပြင်းထန်နေသည့် ရှေ့တန်းစစ်မျက်နှာများတွင် သေဆုံးသွားသည့် စစ်ကောင်စီတပ်သားများ အတွက် သေဆုံးစာရင်းသွင်းရန် မိသားစုများက တန်းစီတိုးဝှေ့နေရကြောင်း သိရသည်။
စစ်ကောင်စီက ရှေ့တန်းတွင် ပျောက်ဆုံး၊ သေဆုံးစာရင်းများကို မိသားစုထံ အကြောင်းမကြားဘဲ ပျောက်ဆုံးနှင့် ထွက်ပြေးစာရင်းများသွင်းနေသည့်အတွက် မိသားစု၀င်များက လိုက်လံစုံစမ်း၍ သေဆုံးစာရင်း သွင်းနေရသည်ဟု တပ်မိသားစု၀င်ထံက သိရသည်။
“မနက်ကတည်းက သေဆုံးစာရင်းလုပ်ဖို့ သွားတိုးရတာ။ လုပ်ပေးဖို့ စာရင်း၀င်ဖို့ ပိုက်ဆံသုံးသောင်းပေးရတယ်။ အဲဒါတောင် ခြောက်လစောင့်ရမယ်။ ဘယ်လ၊ ဘယ်ရက်သေတယ်ဆိုတာ အတိအကျပြောတာတောင်မှပဲ။ မနက်စာတောင် မစားရဘူး။ တစ်နေကုန်စောင့် နေရတာ။ လူတွေ မနည်းဘူး အကုန်တိုးဝှေ့နေကြတာ”ဟု ရှေ့တန်းတွင် သေဆုံးသွားသည့် တပ်သား တစ်ဦး၏ မိသားစု၀င်တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
အဆိုပါသေဆုံးစာရင်းသွင်းရန် ဆိုင်ရာတိုင်းတပ် မတော်စစ်ဆေးရုံတွင် သွားရောက်လုပ်ဆောင်ကြရပြီး သေဆုံးများနေသည့်အတွက် တိုးဝှေ့တန်းစီစောင့် ဆိုင်းရမှုများရှိနေကြောင်း သိရသည်။
စစ်ကောင်စီတပ်၌ လတ်တလောဖြစ်ပွားနေသည့် စစ်မျက်နှာပြင်များတွင် သေဆုံးသူများကို သေဆုံးစာရင်းမသွင်းဘဲ ပျောက်ဆုံး၊ ထွက်ပြေးဟုဆိုကာ ရိက္ခာနှင့်လစာများဖြတ်တောက်၍ မိသားစု၀င်များကိုလည်း ထောက်ပံ့ကြေးမပေးသည့်အပြင် တပ်လိုင်းခန်းများမှ နှင်ထုတ်လျက်ရှိကြောင်း သိရသည်။
ထို့အပြင် တိုက်ပွဲများအတွင်း သေဆုံးသွားသည့် စစ်ကောင်စီတပ် အရာရှိပိုင်းမှစ၍ အောက်ခြေတပ်သားအထိ မိသားစု၀င်များ သေဆုံးသည်ကို အကြောင်းမကြားသောကြောင့် မိသားစု၀င်များမှ တိုက်ပွဲဖြစ်ပွားသည့်နေ့နှင့် မွေးနေ့များကို မှန်းဆရည်စူး၍ နာရေးပြုလုပ်နေရကြောင်း သိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၇ ရက်နှင့် ၈ ရက်နေ့များတွင် ရခိုင်ပြည်နယ် ကျောက်တော်မြို့သိမ်းတိုက်ပွဲအတွင်း သေဆုံးခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့၀င်များ၏ စာရင်းကို အကြောင်းမကြားသောကြောင့် ရန်ကုန်ရှိ မိသားစု ၀င်များက ဖေဖော်ဝါရီ ၁၄ ရက်နေ့တွင် သေဆုံးသည့်ရက်ကို မှန်းဆ၍ နာရေးပြုလုပ်ခဲ့ရကြောင်း သိရသည်။
ထို့အပြင် စစ်ကောင်စီတပ်သားများ ခံစားပိုင်ခွင့်ရှိသည့် သက်စွန့်ကြေးများကို ပေးအပ်မည်ဟု ထုတ်ပြန် ကြေညာထားသော်လည်း ထွက်ပြေး၊ ပျောက်ဆုံးစာရင်းသွင်းလိုက်သည့်အတွက် မိသားစု၀င်များ ခံစား ခွင့်မရရှိကြောင်း သိရသည်။
ပုံစာ- Mi-17 ရဟတ်ယာဉ်ပျက်ကျမှုကြောင့် သေဆုံးသူများကို ၂၀၂၄ ဇန်နဝါရီ ၉ ရက်နေ့က မြစ်ကြီးနား လေတပ်၌ အလောင်းမပါဘဲ ဓာတ်ပုံများဖြင့်ပြုလုပ်စဉ်
#စစ်ကောင်စီတပ်သား #မိသားစု၀င်များ# သေဆုံးစာရင်းသွင်း #တန်းစီ #၃သောင်းပေးဆောင် #Ayeyarwaddy_Times