ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂၁ ရက်

ဧရာဝတီတိုင်း၊ ဟိုင်းကြီးကျွန်းမြို့နယ် ပမ္မဝတီရေတပ်မှ ရာနှင့်ချီသည့် သင်တန်းဆင်းတပ်သားများကို စစ်ကောင်စီတပ်အကျအဆုံးများနေသည့် ရခိုင်ပြည်နယ်ကျောက်ဖြူမြို့သို့ အင်အားဖြည့်တင်းရန် ထပ်မံပို့ဆောင်လိုက်ကြောင်း တပ်တွင်းသတင်းရင်းမြစ်ထံက သိရသည်။

ဟိုင်းကြီးကျွန်းရေတပ်တွင် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာမှ ဖေဖော်ဝါရီ ပထမအပတ်ထိ အချိန်သုံးလကြာ စစ်သင်တန်းတက်ရောက်ခဲ့သည့် စစ်ကောင်စီတပ်သားများကို ဖေဖေါ်ဝါရီ၁၉ ရက်နေ့က ကျောက်ဖြူမြို့သို့ စစ်သဘ်ောဖြင့် အင်အားဖြည့်တင်းရန်ပို့ဆောင်လိုက်ခြင်းဖြစ်သည်။

“ သုံးလသင်တန်းဆင်းပြီးသား သင်တန်းသားအသစ်တွေကို ကျောက်ဖြူကို ပို့လိုက်ပြီ။ ပမ္မဝတီထဲမှာ အင်အားသိပ်မကျန်တော့ဘူးလို့ ပြောလို့ရတယ်။ ပြည်သူ့စစ်သင်တန်းဆင်းတွေကို တပ်ထဲပြန်ခေါ်ဖို့စီစဉ်ထားတာတော့ရှိနေတယ်”ဟု ပမ္မဝတီရေတပ်ဌာနချုပ်နှင့် နီးစပ်သည့်တပ်တွင်းသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကိုပြောသည်။

ထို့အပြင် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၇ရက်နေ့ကလည်းဟိုင်းကြီးကျွန်းမြို့နယ်မှ စစ်သင်တန်းဆင်း ပျူစောထီး(ပြည်သူ့စစ်)အဖွဲ့ဝင် တစ်ရာကျော်ကို ရခိုင်ပြည်နယ်သို့ တပ်အင်အားထပ်မံဖြည့်တင်းရန် ငါးသိုင်း‌ချောင်းမြို့မှ တဆင့် ရခိုင်ပြည်နယ် ဂွမြို့သို့ စစ်ကား ငါးစီးဖြင့်ပို့ဆောင်သည်ကို မြင်တွေ့ရကြောင်း ဒေသခံများထံက သိရသည်။

“ ရွာက ပြည်သူ့စစ်တွေ အခုရခိုင်ကို ရှေ့တန်းအပို့ခံရတယ်။ လူငယ်နဲ့လူလတ်တွေချည်းပဲရွေးခေါ်သွားတာ။ ရွာတိုင်းကပျူတွေမှန်သမျှအကုန်သွားရတာ။ ငါးသိုင်းချောင်းကနေ ဂွကိုအရင်ပို့လိုက်တယ်ကြားတယ်။ အပို့ခံရသူရဲ့မိသားစုတွေကတော့ အခုစိတ်ပျက်နေကြတယ်။ ဘာလို့လဲဆိုတော့ ရခိုင်မှာစစ်တပ်တွေအကျအဆုံးများနေတာဆိုတော့ အသက်ရှင်ဖို့ကမလွယ်ဘူးလေ။ ဘာပဲဖြစ်ဖြစ်ရွာထဲမှာ ပျူအင်အားလျော့သွားတာပေါ့”ဟု ငါးပြေမကျေးရွာဒေသခံတစ်ဦးကဆိုသည်။

အလားတူ ပုသိမ်မြို့အနောက်တောင်တိုင်းစစ်ဌာနချုပ်ခန်းမ၌ ပြီးခဲ့သည့်ဖေဖော်ဝါရီလ ဒုတိယအပတ်အတွင်းက စစ်တိုင်းမှူး ဗိုလ်မှူးချုပ်ဝေလင်း၊ပမ္မဝတီရေတပ်ဌာနချုပ်မှူး ဗိုလ်မှူးချုပ် တင်မောင်သန်း၊ (ကစထ-၃) ဒုဗိုလ်ချုပ်ကြီးဖုန်းမြတ်၊ ဗိုလ်မှူးချုပ်ဇော်ဟိန်း၊ ဗိုလ်မှူးချုပ်ကြည်သိုက်တို့သည်ရခိုင်ပြည်နယ်တွင် စစ်ကောင်စီတပ် အကျအဆုံးများပြားနေမှုနှင့် ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

#ဟိုင်းကြီးကျွန်း #ပမ္မဝတီရေတပ်စခန်း #ရခိုင်ပြည်နယ် #ကျောက်ဖြူမြို့ #Ayeyarwaddy_Times