နွေဦးမောင်/ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂၁ ရက်

မြန်မာနိုင်ငံမှနေ၍ ထိုင်းနိုင်ငံ မဲဆောက်မြို့သို့ နယ်စပ်ဖြတ်ကျော်ကာ အလည် အပတ်သွားရောက်သည့် လူငယ်အချို့ သတ်မှတ်ရက်ပြည့်ချိန်၍ ထပ်မံနေထိုင်ခွင့် သက်တမ်းတိုးအတွက် တုံးထုရန်သွားရောက်စဉ် မြန်မာနိုင်ငံဘက် အခြမ်းသို့ ပြန်လည် ပို့ဆောင်ခံခဲ့ရကြောင်း ပို့ဆောင်ခြင်းခံရသည့် လူငယ်များထံက သိရသည်။

မြန်မာနိုင်ငံနယ်စပ် မြဝတီမြို့မှ ထိုင်းနိုင်ငံသို့ အလည်အပတ်သွားရောက်ရာတွင် နယ်စပ် ဖြတ်ကျော်ဂိတ်တွင် စစ်ဆေး၍ တံတားဖြတ်ကျော်ကာ ၇ ရက်နေထိုင်လည်ပတ်ခွင့်ရပြီး အမှတ် (၁)တံတား စစ်ဆေးရေးဂိတ်များတွင် ခရီးသွားလာခွင့် တံဆိပ်တုံးထု၍ သွားလာခွင့်ပြုထားကြောင်းသိရသည်။

“ကျွန်တော်တို့က မြန်မာပြည်မှာ အလုပ်အကိုင်ရှားလို့ ထိုင်းနိုင်ငံဘက်ကိုလာလေ့လာ တာ။ ပတ်စပို့စ်လည်း လုပ်ထားပြီးပြီ။ အခုက ညအိပ်အလည်သဘောနဲ့အလုပ်ကိစ္စ လာလေ့လာတာ။ မဲဆောက်ရောက်တာ ၆ ရက်ပဲရှိသေးတယ်။ အလုပ်ကိစ္စ မပြီး သေးလို့ အမှတ် (၁) တံတားက စစ်ဆေးရေးဂိတ်မှာ တုံးသွားထုတာ။ အဲ့ဒါကို ဂိတ်က မေးစရာရှိလို့ဆိုပြီး ခေါ်သွားပြီးတော့ တံတားဖြတ်ကျော်လို့မရဘူးဆိုပြီး မြဝတီဘက် ကိုပြန်ခိုင်းတာ” ဟု စစ်ဆေးခံရသူလူငယ်တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ထို့ကြောင့် မြန်မာနိုင်ငံမှ နယ်စပ်ဖြတ်ကျော်၍ ထိုင်းနိုင်ငံ မဲဆောက်မြို့သို့ သွားရောက် မည်ဆိုပါက မည်သူမဆို မည်သည့် ကိစ္စကြောင့်ဖြစ်စေ အစစ အရာရာဂရုစိုက်၍ သွားလာသင့်ကြောင်း မြ၀တီသို့ ပြန်လည်ပို့ဆောင်ခြင်းခံရသည့် လူငယ်က ဆက်လက် ပြောကြားသည်။

ယမန်နေ့ ဖေဖော်ဝါရီ ၂၀ ရက်နေ့ကလည်း မြဝတီ-မဲဆောက် အမှတ် (၁) ချစ်ကြည်ရေးတံတားပေါ်မှနေ၍ အမျိုးသားတစ်ဦး ခုန်ချခဲ့ရာ သေဆုံးသွားကြောင်း အဆိုပါတံတားအနီးတွင် ရှိနေသူများထံက သိရှိရပြီး မည်သည့်အကြောင်းကြောင့် တံတားပေါ်ကခုန်ချခဲ့သည်ကိုမူ မသိရှိရပေ။

ပုံစာ- မြဝတီ-မဲဆောက် ချစ်ကြည်ရေးတံတားဂိတ်
#မြဝတီမြို့ #ထိုင်းနိုင်ငံနယ်စပ် #မဲဆောက် #အမှတ်၁ချစ်ကြည်ရေးတံတား #Ayeyarwaddy_Times