
ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂၀ရက်
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ ဧရာဝတီမြစ်ကမ်းဘေး ဆင်ဘိုမြို့ရှိ စစ်ကောင်စီ၏ ခလရ-၁၄၁ ကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က သိမ်းပိုက်ထိန်းချုပ် လိုက်နိုင်ကြောင်း သိရသည်။
KIA သည် ဆင်ဘိုမြို့အနီးရှိ ခလရ-၁၄၁ ကို ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၀ ရက် နေ့ကတည်းက အပြင်းအထန် ထိုးစစ်ဆင်ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ယခုရက်ပိုင်း အတွင်း တိုက်ပွဲပြန်လည်ဖော်ဆောင်ကာ စခန်းကို သိမ်းဆည်းလိုက်နိုင်ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်ထံက သိရသည်။
“ခလရ-၁၄၁ကိုတော့ သိမ်းထားပြီးပါပြီ။ ကျန်နေတဲ့ တပ်စခန်းကုန်းကနေ တောက်လျှောက်လက်နက်ကြီးနဲ့ပစ်နေတယ်။ အဲဒီ့ကျန်နေတဲ့ စခန်းကုန်းကိုလည်း ဆက်ပြီးတိုက်နေပါတယ်” ဟုကချင်စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၁ရက်နေ့က ဆင်ဘိုမြို့တွင်းရှိ ဆင်ဘိုမြို့မရဲစခန်းကို ဝင်ရောက်တိုက်ခိုက်သိမ်းယူနိုင်ခဲ့ပြီး မြို့ကို အလုံးစုံထိန်းချုပ်လိုက်နိုင်ကာ ကျန်ရှိ နေသည့် ခလရ-၁၄၁ တပ်ရင်းကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ယခုရက်ပိုင်းအတွင်းတွင် စခန်းကို သိမ်းဆည်းလိုက်နိုင်ခြင်းဖြစ်ကြောင်း သိရသည်။
ဆင်ဘိုမြို့ကို သိမ်းပိုက်စဉ်က ဆင်ဘိုမြို့နှင့် စစ်ကောင်စီလက်အောက်ခံ ရဲစခန်း၊ ဌာနဆိုင်ရာများကို သိမ်းလိုက်သည်မှာ မှန်ကန်ပြီး စစ်ရေးအရ ဆက်လက် တိုက်ခိုက်မှုများရှိကြောင်း KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ဧရာဝတီတိုင်းမ်သတင်းဌာနကို ဖြေကြားခဲ့ပြီးနောက် စစ်ကောင်စီ၏ ခလရ ၁၄၁ကို ဆက်လက်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။
စစ်ကောင်စီ၏ ခလရ- ၁၄၁ ကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ၏ တပ်မဟာ (၈) လက်အောက်ခံ တပ်ရင်း (၅) က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး လက်ရှိတွင် ကျန်ရှိသော ခလရ-၁၄၁၏ စိုးမိုးတောင်ကုန်း တပ်စခန်းတစ်ခုကို ဆက်လက်တိုက်ခိုက်လျက် ရှိကြောင်း သိရသည်။
ဆင်ဘိုမြို့သည် ၂၀၀၂ ခုနှစ်ကမှ မြို့အဖြစ်သတ်မှတ်ခံခဲ့ရခြင်းဖြစ်ပြီး လူဦးရေ တစ်သောင်းကျော် နေထိုင်လျက်ရှိကာ ဒေသခံအများစုမှာ စစ်ဘေးရှောင်လျက်ရှိသည်။
KIA သည် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂ ရက်က ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ရှိ နန့်တိန်းစခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး ဇန်နဝါရီနောက်ဆုံးအပတ်ကလည်း မံစီမြို့နယ်ရှိမန့်ဝိန်းကြီးစခန်းကို သိမ်းပိုက်နိုင်ခဲ့သေးသည်။
ထို့အပြင် ယမန်နေ့ ဖေဖော်ဝါရီ ၁၉ရက်နေ့ကလည်း မံစီမြို့နယ်ရှိ စစ်ကောင်စီ အင်အား ၂၀၀ကျော်ရှိသော စီခမ်းကြီးစခန်းကို KIA နှင့် တော်လှန်ရေးပူးပေါင်းတပ်များက သိမ်းပိုက်ရရှိခဲ့သည်။
#မြစ်ကြီးနားမြို့နယ် #ဆင်ဘိုမြို့ #KIA #သိမ်းပိုက် #စစ်ကောင်စီ #ခလရ၁၄၁ #Ayeyarwaddy_Times