ဧရာဝတီတိုင်းမ်
(ရေး)၊ ဖေဖော်ဝါရီ ၂၀ ရက်

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ စုံနံ့သာရွာနှင့် အာယုတောင်ရွာကြားရှိ ခံသင်းတံတားစစ်ကောင်စီစစ်ဆေးရေးဂိတ်စခန်းကို ယမန်နေ့ ဖေဖော်ဝါရီ ၁၉ ရက်နေ့ ၊ နံနက် ၇ နာရီဝန်းကျင်တွင် ရေးဘီလူးအဖွဲ့က သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ရေး-သံဖြူဇရပ်ကားလမ်းပေါ်ရှိ စစ်ကောင်စီတပ်ဖွဲ့များနှင့် မွန်ငြိမ်းချမ်းရေးတပ်ဖွဲ့ဝင်များမှ စခန်းချတပ်စွဲထားသည့် ခံသင်းတံတားဂိတ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ လေး ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူများလည်းရှိကြောင်း သိရသည်။

“ခံသင်းဂိတ်စခန်းကို အလစ်၀င်တိုက်တယ်။ စခန်း၀င်း အထိကိုအားလုံးသိမ်းကျုံးပြီးမတိုက်ဖြစ်ခဲ့ဘူး။ ကျွန်တော်တို့ဘက်က အဝေးကလှမ်းပစ်တယ်။ အနီးကပ်လမ်းဘေးကပ်ပြီး ကပ်ပစ်တဲ့ အချိန်မှာ သူတို့ဘက်က လက်နက်ကြီးတွေနဲ့ ပြန်လည်ပစ်ခတ်တာ‌တွေရှိတယ်။ နောက်ပြီးတော့မှ ကျွန်တော်တို့က ဆုတ်ကွင်း တအားဝေးတယ်။ ရန်သူကိုတော့ထိရောက်အောင် ပိတ်ဆို့ တ်ိုက်ခိုက်နိုင်ခဲ့တယ်။ လက်နက်တွေတော့မရခဲ့ပေမယ့် အကောင်းဆုံး ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်” ဟုရေးဘီလူးအဖွဲ့ခေါင်းဆောင်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါစခန်းတိုက်ခိုက်ခံရပြီးနောက် တော်လှန်ရေးတပ်ဖွဲ့များက ပြန်လည်ဆုတ်ခွာချိန်တွင် စစ်ကောင်စီတပ်ရင်းများမှ ၆၀-မမ ၊ ၈၀-မမ၊ ၁၂၀-မမ လက်နက်ကြီးများဖြင့် အဆက်မပြတ်ပစ်ခတ်ခဲ့ကြောင်း သိရသည်။

“ခုနောက်ပိုင်း စိန်ပြောင်း တွေပါထိုင်ထားတယ်။ ကွန်မန်ဒိုစိန်ပြောင်းတွေရှိတယ်။ ပြီးတော့ သူတို့က စစ်ကောင်စီနဲ့ မွန်ငြိမ်းချမ်းရေးနဲ့ပေါင်းပြီးတော့ ဂိတ်ကိုပြန်ဖွင့်လှစ်ထားတယ်ဗျ။ အင်အားတော့များတယ်။ ကျွန်‌တော်တို့ အပစ်ရပ်ပြီး ပြန်ဆုတ်တဲ့အချိန်မှာပဲ သူတို့ဘက်က လက်နက်ကြီးတွေက တောက်လျောက်ကျတယ်။ စက္ကန့်ပိုင်းနဲ့ မိနစ်ပိုင်းနဲ့ကိုပစ်တာ အလုံးပေါင်းမနည်းဘူး” ဟု ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ဆက်လက်ပြောသည်။

ရေးမြို့နယ်တွင် ပြီးခဲ့သည့် ဇန်နဝါရီ ၂၄ ရက်နေ့ကလည်း ခံသင်းတံတားစစ်ဆေးရေးဂိတ်မှ ဂိတ်မှူးဖြစ်သူစိုးသူနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦး စီးနင်းလာသည့်ကားကို ရေးဘီလူးအဖွဲ့က ကြားဖြတ်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ သုံးဦးစလုံး သေဆုံးခဲ့ပြီး လက်နက် သုံးလက် ရရှိခဲ့ကြောင်း ရေးဘီလူးအဖွဲ့ထံက သိရသည်။

ဓာတ်ပုံ – ပေးပို့
#ရေး #ခံသင်းတံတား #စစ်ကောင်စီစစ်ဆေးရေးဂိတ် #ပစ်ခတ်ခံရ #ရေးဘီလူးအဖွဲ့ #လက်နက်ကြီး #Ayeyarwaddy_Times