ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂၀ ရက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဆီဆိုင်မြို့တွင် ပစ္စည်းသယ်ရန် ပြန်လာသည့် စစ်ရှောင်ယာဉ်တန်းကို စစ်ကောင်စီက လက်နက်ကြီးများ၊ ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)ထံက သိရသည်။

အဆိုပါယာဉ်တန်းသည် ဆီဆိုင်မြို့နှင့် တဆက်တစပ်တည်း တည်ရှိသော ဝါးတောရွာအနီးအရောက် ယမန်နေ့ ဖေဖော်ဝါရီ ၁၉ ရက်၊ မနက် ၆ နာရီခန့်တွင် စစ်ကောင်စီက လက်နက်ကြီးများ၊ ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ ပစ်ခတ်ခြင်းကြောင့် ပြည်သူ ခုနစ် ဦး လက်နက်ကြီး ထိမှန်သေဆုံး၍ ဒဏ်ရာပြင်းထန် ရသူများလည်းရှိကာ စစ်ကောင်စီသည် အရပ်သားများကို ရန်သူအဖြစ်သတ်မှတ် တိုက်ခိုက်သတ်ဖြတ်နေပြီး စစ်ရာဇဝတ်မှု၊ လူ့အခွင့်အရေး ချိုးဖောက်မှုများအား ပြောင်ပြောင်တင်းတင်း ကျူးလွန်နေခြင်းဖြစ်သည်ဟု PNLA က ထုတ်ပြန်ပြောဆိုသည်။

ပြည်သူများအနေဖြင့်လည်း အွန်လိုင်းပေါ်မှ သတင်းအမှားများ အခြေအမြစ်မရှိသည့် သတင်းများကို ယုံကြည်ပြီး မြို့အတွင်းရှိ နေအိမ်ပြန်ခြင်း၊ ပစ္စည်းသယ်ခြင်းများ မပြုလုပ်ကြရန်နှင့် PNLA မှ ထုတ်ပြန်သည့် တရားဝင်သတင်းကိုသာ စောင့်ကြည့်အတည်ယူကြရန် အထူးတိုက်တွန်းထားကြောင်း သိရသည်။

ယင်းအပြင် ယမန်နေ့၌ပင် စစ်ကောင်စီသည် ဆိုက်ခေါင်အရှေ့ဘက်ရှိ နေရာများကို လေယာဉ်သုံးစီးဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သလို ဟိုပုံးမြို့နယ်၊ မဲနယ်တောင်ဒေသကိုလည်း လက်နက်ကြီးများဖြင့် အကြိမ် ၆၀ ကျော် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ-PNLA
#စစ်ကောင်စီ #စစ်ရှောင်ယာဉ်တန်း #လက်နက်ကြီးဒရုန်းများ #ပစ်ခတ်တိုက်ခိုက် #ပြည်သူ၇ဦးသေဆုံး #Ayeyarwaddy_Times