ဧရာဝတီတိုင်းမ်
ဩဂုတ်လ ၁ ရက်
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့နာရီစင်အနီးက မီးပွိုင့်မှာ ဒီကနေ့ သြဂုတ်လ ၁ ရက် မနက် ၁၁ နာရီ ၁၅ မိနစ် ဝန်းကျင်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
ဗုံးပေါက်ကွဲခဲ့တာကြောင့် မီးပွိုင့်အနီးမှာရှိနေတဲ့ စစ်အုပ် စုလက်အောက်ခံ ယာဥ်ထိန်းရဲ ၁ ဦးနဲ့ ပြည်သူ့စစ် ၂ ဦး ထိခိုက်ဒဏ်ရာပြင်းထန်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
” နာရီစင်မီးပွိုင့်မှာကွဲတာ ယာဥ်ထိန်းရဲ ၁ ယောက်ထိတယ်၊ ပြည်သူ့စစ် ၂ ယောက်ထိတယ်။ နမ့်ဖက်ကာပြည်သူ့စစ်လို့သိရတယ်၊ မူဆယ်လမ်းတွေမှာက တပ်ကသိပ်မစစ်ဘူး။ ပြည်သူ့စစ်နဲ့ရဲတွေ များတယ် “လို့ မူဆယ်မြို့ခံတဦး ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
ဗုံးပေါက်ကွဲမှုကြောင့် အနီးအနားမှာရှိတဲ့ ဒေသခံအရပ် သားတချို့လည်းထိခိုက်မှုအနည်းငယ် ရှိခဲ့တယ်လို့သိရပါတယ်။
မူဆယ်မြို့မှာ စစ်ကောင်စီရဲ့ ကွတ်ခိုင်မြို့ အခြေစိုက် ခလရ ၄၅ တပ်နဲ့ တခြားနယ်မြေခံတပ်တွေ တပ်စွဲထားတာဖြစ်ပြီး ဗုံးပေါက်ကွဲပြီးတဲ့နောက် ပိတ်ဆို့စစ်ဆေးမှုတွေပြုလုပ်နေတယ်လို့ သိရပါတယ်။
ဒီဗုံးခွဲမှုကို ဘယ်အဖွဲ့ကလုပ်ဆောင်ခဲ့တယ်ဆိုတာကိုတော့ထုတ်ပြန်လာတာမတွေ့ရသေးပါဘူး။