ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂၀ ရက်

ဧရာဝတီတိုင်း၊ ငရုပ်ကောင်းမြို့နယ်သဲဖြူ ကျေးရွာတွင် သုံးရက်အတွင်း ဖမ်းဆီးခံရသူ အမျိုးသား ၂၀ဦးကျော်အထိ ရှိလာကြောင်း ဒေသခံများထံက သိရသည်။

ငရုပ်ကောင်းမြို့နယ် သဲဖြူကျေးရွာတွင် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၅ ရက်နေ့မှ ၁၈ရက်နေ့အထိ သုံးရက်တာအတွင်း ည ၈နာရီနောက်ပိုင်းအပြင်တွင်တွေ့သည့် အသက် ၂၄နှစ်မှ အသက်၃၀ နှစ်အရွယ်ဝန်းကျင်ရှိ အမျိုးသား ၂၀ဦးကျော်ကို ကျေးရွာထိပ်၌ ကင်းပုန်းချထားသည့် စစ်ကောင်စီတပ်မှ ညအချိန်ကျော်အပြင်ထွက်သည်ဟုအကြောင်းပြကာ စစ်ဆေးဖမ်းဆီးသွားခဲ့ကြောင်း ကိုယ်တိုင်မြင်တွေ့ခဲ့သည့် ဒေသခံများထံကသိရသည်။

“ ရွာက ကောင်လေးယောက်၂၀လောက်တော့ရှိပြီ။ညပိုင်းအလုပ်လုပ်ပြီး အိမ်ပြန်လာတာကို စစ်တပ်ကရွာထိပ်မှာကင်းပုန်းစောင့်ပြီးဖမ်းသွားတာ” ဟု ကိုယ်တိုင်မြင်တွေ့ခဲ့သည့် ကျေးရွာဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ထို့အပြင် ဖမ်းဆီးခံရသည့်လူငယ်နှင့်လူလတ်အရွယ်အမျိုးသား ၂၀ ဦးကျော်ကို ငပုတောမြို့တွင်းရှိ စစ်ကောင်စီတပ်ရင်းသို့ ခေါ်ဆောင်သွားကြောင်း ဖမ်းဆီးခံရသူ၏မိသားစုဝင်များထံကသိရသည်။

“ အဖမ်းခံရတယ်ကြားလို့ လိုက်စုံစမ်းပြီး လိုက်ထုတ်ဖို့လုပ်တော့ သင်တန်းပေးတော့မှာမို့လို့ ခေါ်လို့မရတော့ဘူးဆိုပြီးပဲပြန်ကြားတယ်။ရွာထဲကလူငယ်တွေဆိုရင် အိမ်မှာပြန်နေဖို့တောင်ကြောက်ကုန်ပြီ” ဟု ဖမ်းဆီးခံရသူများနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ငရုပ်ကောင်းမြို့အနီး သဲဖြူကျေးရွာတွင် ငါးလကြာ ပိတ်သိမ်းထားသည့် သဲဖြူစစ်ဆေးရေးဂိတ်ကို ယမန်နေ့ (ဖေဖော်ဝါရီ ၁၈) နံနက်ပိုင်းကစပြီး လုံခြုံရေးအကြောင်းပြကာ ပြန်လည်ဖွင့်လှစ်၍ ညပိုင်းအလုပ်ပြန်လာသည့်လူငယ်လူရွယ်အမျိုးသားများကို မှတ်ပုံတင်စစ်ဆေးကာ ဖမ်းဆီးမှုများ စတင်ပြုလုပ်လာကြောင်း ကျေးရွာဒေသခံများထံကသိရသည်။

#ငရုပ်ကောင်းမြို့#သဲဖြူကျေးရွာ# ၃ ရက်အတွင်း #ဒေသခံအမျိုးသား ၂၀ ကျော်ဖမ်းဆီး#

#Ayeyarwaddy_Times